ဂါဇာအပစ်ရပ်ရေးဆွေးနွေးပွဲအတွင်း ဟာမတ်စ်က ဘာကိုပဲဆုံးဖြတ်စေ၊ ထောက်ခံမယ်လို့ ဟက်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ 'ဟာမတ်စ်ကျေနပ်တာ ကျနော်တို့ အားလုံးကျေနပ်ပါတယ်' လို့ အီရန် ကျောထောက် နောက်ခံပေးထားတဲ့ လက်ဘနွန် စစ်သွေးကြွအုပ်စုခေါင်းဆောင်က ရုပ်မြင်သံကြားမှာ ပြောပါတယ်။
အစ္စရေးက ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အကြီးတန်းတပ်မှူးတယောက်အတွက် ဂုဏ်ပြုစကားပြောကြားရာမှာ ခုလို ပြောခဲ့တာပါ။ “ဂါဇာမှာတိုက်တာတွေ ရပ်သွားတဲ့အခါ၊ တိုက်တာ ကျနော်တို့ ရပ်ပါမယ်။ ဂါဇာမှာ အပစ်ရပ်စဲ သွားတဲ့အခါ၊ လက်ဘနွန်တောင်ပိုင်းက ပစ်တာတွေ ရပ်ပါမယ်" လို့ Nasrallah က ဆိုပါတယ်။
၂၀၂၃ အောက်တိုဘာလမှာ ဟာမတ်စ်က အစ္စရေးတောင်ပိုင်းကို လျှပ်တပြက်ဝင်တိုက်ပြီး နောက်တရက်မှာ ဟက်ဇ်ဘိုလာက အစ္စရေးမြောက်ပိုင်းကို ရော့ကက်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ ဟက်ဇ်ဘိုလာအဖွဲ့က အစ္စရေးနဲ့ နိုင်ငံတကာ အသိုက်အဝန်းအပေါ် ဖိအားပေးတဲ့အနေနဲ့ ဟာမတ်စ်ကအပစ်ရပ်တဲ့တိုင်အောင် ဟာမတ်စ်ကို ထောက်ခံပြီး အစ္စရေးကို ဆက်လက်တိုက်ခိုက်မယ်လို့ ပြောထားပါတယ်။
ဟက်ဇ်ဘိုလာ တိုက်တာမရပ်ရင် လက်ဘနွန်ကို စစ်ဆင်ရေးအကြီးစားဆင်နွှဲမယ်လို့လည်း အစ္စရေးက ခြိမ်းခြောက်ထားပါတယ်။
Your browser doesn’t support HTML5