မြန်မာနဲ့ အာဆီယံ နိုင်ငံတချို့ကို ဟောင်ကောင်ပြည်ဝင်ခွင့် ကန့်သတ်ချက်တွေ လျှော့ပေးမည်

ဟောင်ကောင် ပါလီမန်မှာ မိန့်ခွန်းပြောနေတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှုး John Lee (အောက်တိုဘာ ၁၆၊ ၂၀၂၄)

မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေ ဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက လာရောက်မယ့်သူတွေကို ပြည်ဝင်ခွင့် လွယ်လွယ်ကူကူနဲ့ ဝင်ရောက်နိုင်မယ့် အစီအစဉ်တွေ ချမှတ်သွားမယ့်အကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှုး John Lee က ဒီနေ့ ပါလီမန်မှာ ပြောကြားတဲ့ မူဝဒါဆိုင်ရာ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။ ဟောင်ကောင် ပါလီမန်ကို ပြောကြားတဲ့ နှစ်စဉ် မူဝါဒဆိုင်ရာ မိန့်ခွန်းဟာ တရုတ် ကွန်မြူနစ် ပါတီရဲ့ မကြာခင်က ကျင်းပခဲ့တဲ့ အစည်းအဝေးဆုံးဖြတ်ချက်တွေကို လမ်းညွန်ချက်အဖြစ် ကိုးကား ပြောဆိုသွားပါတယ်။

တရုတ် ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေးကနေ ချမှတ်ခဲ့တဲ့ တပြည်ထောင် စနစ် ၂ မျိုး နိုင်ငံရေးမူအရ အစိုးရအခြေခံအဆောက်အအုံကို ပိုမိုခိုင်ခန့်အောင် တည်ဆောက်ဖို့နဲ့ နိုင်ငံတကာ ငွေကြေး ဆက်သွယ်မှု၊ သင်္ဘောတွေနဲ့ ကုန်စည်ပို့ဆောင်တဲ့ ကုန်သွယ်ရေး အဓိက အချက်အခြာအဖြစ် တိုးမြှင့်ထိန်းသိမ်းဖို့ ကိစ္စတွေကို အုပ်ချုပ်ရေးမှုး John Lee က ပြောဆိုသွားပါတယ်။

အခုတကြိမ် လွှတ်တော်မှာ မူဝါဒဆိုင်ရာ မိန့်ခွန်းပြောတာဟာ John Lee အတွက် တတိယအကြိမ်ဖြစ်ပြီး လွတ်တော်အပြင်ဘက်မှာတော့ လူတချို့ ဆန္ဒပြကြပါတယ်။

၂၀၁၉ ခုနှစ်က ဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒပြပွဲကြီးတွေ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် တရုတ်အစိုးရရဲ့ ထိန်းချုပ် ကန့်သတ်မှုတွေ တိုးလာသလို အတိုက်အခံ ဆန့်ကျင်သူတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်နေပြီး ဟောင်ကောင်မှာ ဆန့်ကျင်ဆန္ဒပြပွဲတွေ သိပ်မတွေ့ရတော့ပါဘူး။

လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်ကို ကန့်သတ်တဲ့ တင်းကြပ်မှုတွေနဲ့အတူ သတင်းထောက်တွေကို အရေးယူ အပြစ်ပေးတာတွေကိုလည်း ဟောင်ကောင်အာဏာပိုင်တွေ တိုးလုပ်လာပါတယ်။

Your browser doesn’t support HTML5

မြန်မာနဲ့ အာဆီယံ နိုင်ငံတချို့ကို ဟောင်ကောင်ပြည်ဝင်ခွင့် ကန့်သတ်ချက်တွေ လျှော့ပေးမည်