အလိုရှိသူတွေကို သက်ဆိုင်ရာနိုင်ငံတွေထံ လွှဲပြောင်းပေးရေး ဥပဒေမူကြမ်းကို ကန့်ကွက်တဲ့ လူထုဆန္ဒပြပွဲတွေ ဟောင်ကောင်မှာ
အကြီးအကျယ် ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် ဒီဥပဒေကြမ်းပြဌာန်းဖို့ ကြိုးပမ်းမှုတွေကို ဟောင်ကောင်အစိုးရက ဆိုင်းငံ့လိုက်ပါတယ်။ အစိုးရအနေနဲ့ ဆွေးနွေးတိုင်ပင်သင့်တဲ့ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းတိုင်ပင်တာတွေ လုပ်ဆောင်ပြီးစီးတဲ့အချိန်အထိ အခုကိစ္စကို အကန့်အသတ်မရှိ ဆိုင်းငံ့ထားမယ့်အကြောင်း ဟောင်ကောင် အမှုဆောင်အရာရှိချုပ် Carrie Lam က ဒီကနေ့ပဲ ပြောဆိုလိုက်တာပါ။
အခုဥပဒေ မူကြမ်းအရ ဟောင်ကောင်မှာ ရာဇဝတ်မှုနဲ့ သံသယဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေကို တရုတ်ပြည်မကြီးကို လွှဲပြောင်းပေးနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဟောင်ကောင်နဲ့ မတူတဲ့ တရားစီရင်ရေးစနစ်ရှိရာ တရုတ်ပြည်မကြီးကို လွဲှဲပြောင်းပေးမယ့်အပေါ် ဟောင်ကောင်မှာ ရှိနေကြတဲ့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းတွေ သာမက ဥပဒေရေးရာ အသိုင်းအဝန်းနဲ့ ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံရေး ပါတီတွေကပါ စိုးရိမ်နေကြပါတယ်။
ဒီဥပဒေမူကြမ်းကို ဟောင်ကောင်လွှတ်တော်မှာ ဆွေးနွေးဖို့ စီစဉ်ထားတဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဆန္ဒပြသူ ထောင်ပေါင်းများစွာ လမ်းမတွေပေါ်ထွက် ကန့်ကွက်ခဲ့ကြပါတယ်။
၂၀၁၄ ခုနှစ်က ဖြစ်ခဲ့တဲ့ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြပွဲတွေလိုပဲ အလားတူ ပြင်းထန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး အပြန်အလှန် အကြမ်းဖက် တိုက်ခိုက်တာတွေအထိ ဖြစ်ခဲ့ပါတယ်။
ဒီဥပဒေကြမ်းနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဝေဖန်နေကြပြီး ဒီအပေါ်မှာ တရုတ်အစိုးရကတော့ အမေရိကန်အစိုးရဟာ တခြားနိုင်ငံတခုရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက် စွက်ဖက်နေတာ ဖြစ်တယ်ဆိုပြီး စွပ်စွဲပြောဆိုထားပါတယ်။
ဟောင်ကောင်ဆန္ဒပြပွဲတွေကိုလည်း ဒါဟာ ရုန်းရင်းဆန်ခတ် အကြမ်းဖက် လုပ်ရပ်ဖြစ်တယ် ဆိုပြီး တရုတ်အစိုးရက ပုံဖော်ပြောဆိုနေတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5