ဟောင်ကောင်လွှတ်တော်တွင်း စီးနင်းဆန္ဒပြမှု တရုတ်အစိုးရ ဝေဖန်ရှုတ်ချ

ဟောင်ကောင်လွှတ်တော်တွင်း စီးနင်းဆန္ဒပြမှု (ဂျူလိုင်၊ ၀၁၊ ၂၀၁၉)

တနလာၤနေ့တုန်းက ဟောင်ကောင်ဖြစ်သွားတဲ့ ဆန္ဒပြမှုဟာ ဟောင်ကောင်ရဲ့ တည်ငြိမ်မှုကို ထိခိုက်စေတဲ့ ဥပဒေပြင်ပလုပ်ရပ် ဖြစ်တယ်ဆိုပြီး တရုတ်အစိုးရက ဝေဖန်ပြစ်တင်လိုက်ပါတယ်။

ဟောင်ကောင်ကို တရုတ်အစိုးရအောက် လွဲှပြောင်းပေးခဲ့တဲ့ ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့ ဇွန်လ ၁ ရက်နေ့မှာပဲ ထောင်ဂဏန်းရှိတဲ့ ဆန္ဒပြသူတွေဟာ ဟောင်ကောင်လွှတ်တော်ထဲ ဝင်ရောက်စီးနင်းခဲ့ကြတာပါ။

ဆန္ဒပြသူတွေဟာ အဆောက်အဦးတွင်းက လူသွားစင်္ကြန်တွေထိ ဝင်ရောက်ခဲ့ကြသလို နံရံတွေပေါ်မှာ တရုတ်အစိုးရ ဆန့်ကျင်ရေးပုံတွေ စာတွေကို ဆေးနဲ့ဖြန်း ရေးခဲ့ကြပါတယ်။ အဲဒီနောက် အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေ ရောက်လာပြီး မျက်ရည်ယိုဗုံးတွေသုံးပြီး ဆန္ဒပြသူတွေကို လူစုခွဲခဲ့ရပါတယ်။

ဟောင်ကောင်ဆိုင်ရာ တရုတ်အစိုးရရုံးရဲ့ ထုတ်ပြန်ချက်ကို ဒီကနေ့ အစိုးရသတင်းတွေကနေ ထုတ်လွှင့်ပြီး ဒီအဖြစ်အပျက်ဟာ တရားဥပဒေစိုးမိုးမှုအတွက် ခြိမ်းခြောက်မှုဖြစ်သလို ဟောင်ကောင်ရဲ့ လူမှုတည်ငြိမ်ရေးကို ထိခိုက်စေတယ် ဟောင်ကောင်ရဲ့ အခြေခံအကျိုးစီးပွားကိုပါ အန္တရာယ်ဖြစ်စေတယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တနင်းလာၤနေ့ အဖြစ်အပျက်မှာ မူလတုန်းကတော့ သောင်းဂဏန်းရှိတဲ့ ဆန္ဒပြသူတွေဟာ ဟောင်ကောင်ရဲ့ အဓိကလမ်းမကြီးတွေပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတာပါ။ အဲဒီနောက်မှာမှ ဟောင်ကောင်လွှတ်တော်ထဲကို လူအုပ်တချို့ ဝင်ရောက်စီးနင်းမှုဖြစ်တာပါ။ ဟောင်ကောင်မှာ ပြီးခဲ့တဲ့ရက်တွေကတင် ကြီးမားတဲ့ လူထုဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။

ဒါကြောင့်လည်း ဗြိတိသျှကိုလိုနီအောက်ကနေ တရုတ်အစိုးရကို လွဲှပြောင်းပေးခဲ့တဲ့ သဘောတူညီချက်ပါ ၂၀၄၇ ခုနှစ်အထိ ဟောင်ကောင်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိရမယ်ဆိုတဲ့ အခွင့်အရေး ဆုံးရှုံးမှာကို ဟောင်ကောင်မှာ စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ လက်ရှိအားဖြင့်တော့ ဟောင်ကောင်မြို့သူ မြို့သားတွေဟာ၊ တရုတ်ပြည်မကြီးနဲ့ မတူဘဲ “တနိုင်ငံ စနစ်နှစ်ခု” ဆိုတဲ့ မူနဲ့ သူ့သီးခြား ဖွဲ့စည်းပုံအရ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးအချို့ ခံစားခွင့်ရှိနေပါတယ်။

Your browser doesn’t support HTML5

ဟောင်ကောင်လွှတ်တော်တွင်း စီးနင်းဆန္ဒပြမှု တရုတ်အစိုးရဝေဖန်ရှုတ်ချ