ရာဇဝတ်မှု ကျူးလွန်တယ်လို့ မသင်္ကာသူတွေကို တရုတ်ပြည်မကြီးမှာ အမှုရင်ဆိုင်နိုင်ဖို့ ဟောင်ကောင်ကနေ လွှဲပေးနိုင်မယ့် ဥပဒေကြမ်းကို လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ ဆက်လုပ်သွားမယ်လို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးက ဒီကနေ့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
ဒီအစီအစဉ်ပေါ် ဟောင်ကောင်မှာ အကြီးအကျယ် ဆန္ဒပြမှုတွေရှိနေပေမဲ့ ဒီဥပဒေ လိုအပ်တယ်လို့ အုပ်ချုပ်ရေးမှူး Carrie Lam က သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေပြဌာန်းဖို့ တရုတ်အစိုးရက နောက်ကွယ်ကနေ ဆောင်ရွက်နေတယ်ဆိုတာ မဟုတ်ဘူးလို့လည်း သူက ငြင်းဆန်သွားပါတယ်။
ဥပဒေကြမ်းကို အလွှာစုံက ဆန့်ကျင်သူ သိန်းနဲ့ချီ တနင်္ဂနွေနေ့က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာမှာ အခုနှစ်ပိုင်းတွေအတွင်း ဟောင်ကောင်မှာ အကြီးကျယ်ဆုံး ဆန္ဒပြပွဲကြီး ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြသူ တသန်းလောက်အထိ ရှိတယ်လို့ စီစဉ်သူတွေက ပြောပါတယ်။
ဥပဒေကြမ်းအပေါ် ဆန့်ကျင်ဝေဖန်တဲ့ ဆိုင်းဘုတ်တွေ၊ အုပ်ချုပ်ရေးမှူး နှုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာပါ။ ဒီဥပဒေကြမ်းအပေါ် လွှတ်တော်မှာ ဒုတိယအကြိမ် အခြေအတင်ဆွေးနွေးကြမယ့် ဗုဒ္ဓဟူးနေ့မှာလည်း နောက်ထပ် လူထုဆန္ဒပြပွဲကြီး လုပ်ကြဖို့ စီစဉ်ထားပါတယ်။
တရုတ်ပြည်မကြီးမှာဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ ဟောင်ကောင်မှာလို တရားခံတွေအနေနဲ့ အခွင့်အရေးရမှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ထောက်ပြပါတယ်။ တရုတ်အစိုးရရဲ့ အုပ်ချုပ်မှု လက်အောက်ပြန်ရောက်ပြီးထဲက ဟောင်ကောင်မှာ ဒီမိုကရေစီ အခွင့်အရေးတွေ တဖြည်းဖြည်း ဆုံးရှုံးနေတယ်လို့ အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ဗြိတိန်အစိုးရလက်က ပြန်လွှဲယူပြီးရင် ဟောင်ကောင်ကို နောက်အနှစ် ၅၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပြုမယ်လို့ တရုတ်အစိုးရက ကတိပေးထားပေမဲ့ တရုတ်အစိုးရဘက်က ကတိကို ကျူးလွန် ဖောက်ဖျက်နေတယ်လို့ ဟောင်ကောင်ပြည်သူအများက မြင်နေကြပါတယ်။
Your browser doesn’t support HTML5