ဟောင်ကောင် အငြင်းပွား ဥပဒေမူကြမ်း သုံးသပ်ဖို့ ကုလသမဂ္ဂ တိုက်တွန်း

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Michelle Bachelet

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ကျွန်းမှာ ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်နေတောကြောင့် ရာဇဝတ်ပြစ်မှုနဲ့ သံသယရှိသူတွေ တရုတ်ပြည်မကြီးမှာ အမှုရင်ဆိုင်ဖို့ လွှဲပြောင်းပေးမယ့် ဥပဒေမူူကြမ်းနဲ့ပတ်သက်ပြီး သေသေချာချာသုံးသပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Michelle Bachelet က ဟောင်ကောင်အာဏာပိုင်တွေကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

ဟောင်ကောင်ကျွန်းကိစ္စအပြင် တရုတ်နိုင်ငံ၊ Xinjiang ပြည်နယ်နဲ့ တရုတ်နိုင်ငံ အနောက်ဘက်ပိုင်းဒေသတွေကို အကန့်အသတ်မရှိ သွားရောက်ခွင့်ပြုရေးကိစ္စတို့ကို တရုတ်အစိုးရနဲ့ ဆက်လက် ဆွေးနွေးနေကြောင်းလည်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ စတင်တဲ့ လူ့အခွင့်အရေးကောင်စီရဲ့ သီတင်း သုံးပတ်ကြာ ညီလာခံမှာ Michelle Bachelet က ပြောပါတယ်။

Xinjiang ဒေသမှာ Uighurs နဲ့ မွတ်ဆလင် ၁ သန်းလောက် ထိန်းသိမ်းခံထားရကြောင်းလည်း အရင်က လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူလည်း ဖြစ်ခဲ့ဖူးတဲ့ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Bachelet က ပြောပါတယ်။ အစွန်းရောက် အယူဝါဒတွေကို ဖယ်ရှားပြီး အတတ်ပညာအသစ်တွေ သင်ကြားပေးမယ်ဆိုတဲ့ ခေါင်းစဉ်အောင်မှာ လူ တသန်း နီးပါးလောက်ကို Xinjiang ဒေသမှာ စခန်းသွင်း ထိန်းသိမ်းထားတဲ့ တရုတ်အစိုးရရဲ့ လုပ်ရပ်အပေါ် နိုင်ငံတကာက ပြစ်တင်ဝေဖန်နေတာပါ။

တရုတ်ပြည်မကြီးမှာ ကွန်မြူနစ်ပါတီ ထိန်းချုပ်မှုအောက် ရာဇဝတ်ပြစ်မှုနဲ့ သံသယရှိသူတွေ အမှုရင်ဆိုင်ကြရမယ့် ဒီဥပဒေမူကြမ်းကို သန်းနဲ့ချီတဲ့ပြည်သူတွေ ဟောင်ကောင်မှာ ဒီ ဇွန်လအတွင်း ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။ ဒီကနေ့မှာလည်း ဟောင်ကောင်မြို့ Revenue Tower ခန်းမဆောင်မှာ ဆန္ဒပြသူ ၁၀၀ လောက် စုဝေးခဲ့ကြပါတယ်။

ဟောင်ကောင်ကျွန်းမှာဖြစ်ခဲ့တဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေအတွက် အုပ်ချုပ်ရေးမှူး Carrie Lam က တောင်းပန်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ဟောင်ကောင် အငြင်းပွား ဥပဒေမူကြမ်း သုံးသပ်ဖို့ ကုလသမဂ္ဂ တိုက်တွန်း