စစ်တပ်နယ်မြေရှင်းနေတဲ့ မကွေးတိုင်း ချောက်မြို့နယ်က နေအိမ်တွေ မီးရှို့ခံနေရ

စစ်ကောင်စီ စစ်ကြောင်းထိုးနေတဲ့ မကွေးတိုင်း ချောက်မြို့နယ်ထဲက နရွဲတော ကျေးရွာနဲ့ အနီးတဝိုက်ကို Google မြေပုံမှ မြင်တွေ့ရစဉ်

စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲတွေပြင်းထန်နေတဲ့ မကွေးတိုင်း ချောက်မြို့နယ်ထဲ လေကြောင်းတိုက်ခိုက်မှုတွေအပြင် သံချပ်ကာကားတွေနဲ့ပါ နယ်မြေရှင်းလင်းချိန် နေအိမ်တွေမီးရှို့ခံနေရလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒေသခံတွေ ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့ စစ်ကိုင်းတိုင်း ဘုတလင်ဘက်မှာလည်း စစ်ကောင်စီတပ်တွေက လိုက်လံနယ်မြေရှင်းလင်းနေပြီး လေကြောင်းကပါ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက စစ်ရေးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာပါတယ်။

မကွေးတိုင်း ချောက်မြို့နယ်ထဲက ကျေးရွာတွေကို အောက်တိုဘာ ၂၅ ရက်ကစလို့ ဒီကနေ့ အောက်တိုဘာ ၂၈ ရက်အထိ စစ်တပ်က စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတာဖြစ်ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ရှိနေတာပါ။ စစ်တပ်ဘက်က လေကြောင်းက တိုက်ခိုက်တာအပြင် သံချပ်ကာ ကားတွေနဲ့ပါ မြေပြင်ကနေ ထိုးစစ်ဆင်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။ နယ်မြေရှင်းလင်းခံရတဲ့ နေရာအနီးမှာရှိတဲ့ ကျေးရွာထဲက နေအိမ်တွေလည်း မီးရှို့ခံရတာရှိသလို ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြင် သံချပ်ကာ ကားတွေနဲ့ပါ နယ်မြေရှင်းလင်းနေပြီး နေအိမ်တွေမီးရှို့ခံနေရတဲ့ ချောက်မြို့နယ်ထဲက အခြေအနေ ဒေသခံတဦးက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

"ချောက်မြို့နယ် နရွဲတော ကျေးရွာနဲ့ ရွာမ ရွာနားမှာ (တိုက်ပွဲ) ဖြစ်တာပေါ့။ စစ်ကြောင်းက ၄-၅-၆ ကြောင်းထိုးတယ်။ အခုဆိုရင် တင့်ကားတွေနဲ့ပါသွားတယ်လို့ သတင်းလှမ်းပို့တယ်နော်။ လေကြောင်းတိုက်ခိုက်မှုဆိုရင် တနေ့က MI(35) နဲ့ ပစ်တယ်။ မနေ့ကတော့ ဂျက်ဖိုက်တာနဲ့ ပစ်သွားတာ။ နရွဲတော ကတိုင် အဲ့ပတ်ချာလည်က ၅ ရွာ ၆ ရွာလောက်တော့ ပြေးနေရတာပေါ့။ အိမ်ခြေ ထောင်ချီပြီးတော့ ရှိတဲ့ရွာတွေ ရွာမဆိုရင်လည်း ၄-၅၀၀ လောက် အနည်းဆုံးရှိတဲ့ရွာတွေ။ မီးရှို့တာက နရွဲတောကနေ စပြီးရှို့တာ တောင်ရွာပေါ့နော် နရွဲတော တောင်ရွာကနေစရှို့တယ်။ ရွာမဘက်လည်း တောင်ရွာနဲ့ ထိစပ်နေတာဆိုတော့ ရွာမဘက်လည်းပါတယ်။"

စစ်တပ်စစ်ကြောင်းရှိနေတဲ့အတွက် မီးလောင်တဲ့ နေအိမ် အတိအကျကို မသိရှိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်း ထုတ်ပြန်တာမရှိပါဘူး။ အရင်ကလည်း နရွဲတောနဲ့ ရွာမကျေးရွာအနီးမှာ တိုက်ပွဲတွေရှိခဲ့ဖူးပြီး ဒီတခေါက် တိုက်ပွဲဟာ အပြင်းထန်ဆုံး ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။၂ ဘက်ထိခိုက်ကျဆုံးတာတွေရှိနေပြီး စစ်တပ်ဘက်က နယ်မြေရှင်းလင်းတာတွေ ဆက်လုပ်နေတဲ့အတွက် စစ်ရေးတင်းမာနေတယ်လို့လည်း ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ထဲမှာဆိုရင်လည်း စစ်တပ်က နယ်မြေရှင်းလင်းတာတွေ ဆက်လုပ်နေပါတယ်။ လက်ရှိအချိန် ဘုတလင်မြို့နဲ့ ၄ မိုင်အကွာက ပဲပြစ်တော ကျေးရွာမှာ တပ်စွဲထားပြီး စစ်တပ်ဘက်က လက်နက်နဲ့ လူအင်အား ဖြည့်တင်းတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ အုတ်ဖိုကျေးရွာအနီးကို လေကြောင်းကနေ အောက်တိုဘာ ၂၇ ရက်ကလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဘုတလင်မြို့ဒေသခံတဦးက အခုလို ပြောပါတယ်။

"ဒီနေ့က (စစ်တပ်က) ပဲပြစ်တော ရွာထဲမှာပါ။ အဲ့ရွာမှာ ၂ ရက်ရှိပြီ ဒီနေ့ကောဆိုရင်။ လေကြောင်းတိုက်ခိုက်မှုလုပ်သွားတာက အုတ်ဖိုအနီးတဝိုက်ပေါ့နော်။ အဲ့နေရာတွေက လူလည်းမရှိပါဘူး ဘုရားကြားထဲပါ။အဲ့နားကို ရော့ကတ် ၂ လုံးချသွားတာပေါ့နော်။ လာတာက ၂ စီး တစီးက ပြန်တက်သွားပြီးမှ တစီးက နောက်မှာ ကွေ့ပတ်ပြီးတော့မှ ရှာပြီးမှလုပ်သွားတာပေါ့။ သူတို့ တပ်စွဲထားတဲ့နေရာနဲ့ဆိုရင် ၄ မိုင်လောက်ခြားမှာ။ စစ်ကြောင်းကတော့ လက်ရှိ အင်အား တိုးထားတဲ့ အနေအထားတွေ့ရတယ်။ ထပ်ဖြည့်ထားတဲ့ အနေအထားမျိုးရှိတယ်။ လက်နက် အင်အားလည်း ထပ်ဖြည့်ထားတယ်။ ရွာက ကျေးရွာတွေက ရှောင်နေရတာ ၁၀ ရွာလောက်ရှိတယ်။ ၁၀ ရွာမှာ ဆိုးဆိုးရွားရွား တိမ်းနေရတာက ၂ ရွာ ၃ ရွာလောက်ပေါ့။ စစ်ဘေးရှောင်ကတော့ ၁ သောင်းဝန်းကျင်လောက်ရှိမယ်။ အကုန်ပေါင်းရင်လေ။"

စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီးတဲ့နောက် အောက်တိုဘာ ၄ ရက်ကစလို့ ဘုတလင်မြို့နယ်ထဲမှာ နယ်မြေရှင်းလင်းနေတာဖြစ်ပြီး အရပ်သား ၁ ဒါဇင်ကျော် သတ်ဖြတ်ခံထားရပြီး နေအိမ် ၅၀၀ နီးပါးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ဒါ့အပြင် စစ်တပ် နယ်မြေရှင်းလင်းတဲ့ လမ်းတလျှောက်က ဒေသခံတွေကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးသွားပြီး ပြန်လွှတ်ပေးသူအချို့ရှိပေမယ့် လက်ရှိအချိန်ထိ ဒေသခံ ၉၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်း မကွေး မန္တလေးစတဲ့ဒေသတွေရဲ့ နယ်မြေရှင်းလင်းတဲ့စစ်ဆင်ရေးတွေက ဒေသခံကာကွယ်ရေးတပ်တွေရှိတဲ့ဒေသတွေကို ချေမှုန်းတိုက်ခိုက်တာသာဖြစ်တယ်ဆိုတာကို စစ်ကောင်စီက ခုခံပြောဆိုလေ့ရှိပါတယ်။

Your browser doesn’t support HTML5

စစ်တပ်နယ်မြေရှင်းနေတဲ့ မကွေးတိုင်း ချောက်မြို့နယ်က နေအိမ်တွေ မီးရှို့ခံနေရ