စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်း၊ ဥက္ကံကျေးရွာကို အောက်တိုဘာ ၂၂ ရက်နေ့ မနက်က စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ ကောလင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ဥက္ကံကျေးရွာနဲ့ အနီးတဝိုက်ကို လေကြောင်းက တိုက်ခိုက်ခဲ့လို့ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ရပါသေးတယ်။ စစ်ကိုင်းတိုင်း ကောလင်းဘက်က အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနောက်ခြမ်း ဥက္ကံကျေးရွာကို အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၁၀နာရီခွဲ အချိန်ဝန်းကျင်မှာ စစ်ကောင်စီက တိုက်ခိုက်ရေး ဂျက်လေယာဉ် ၃ စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကောလင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဥက္ကံကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီဘက်က တိုက်ခိုက်ရေး ဂျက်လေယာဉ် ၃ စီးနဲ့ ပေါင် ၅၀၀ ဗုံးတွေ၊ missile ဒုံးတွေနဲ့ ပစ်ခတ် ၃ ကြိမ်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၈ ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ ကောလင်းပြန်ကြားရေး တာဝန်ခံက ခုလိုပြောပါတယ်။
“ကောလင်းနယ်အနောက်ခြမ်း ဥက္ကံကျေးရွာကို အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၁၀ နာရီ ၁၀ မိနစ်မှာ တစ်ကြိမ်၊ ၁၀ နာရီ ၂၀ မှာ တစ်ကြိမ်၊ ၁၁ နာရီ မှာ တစ်ကြိမ်၊ တံတားဦးတက် ဂျက်ဖိုက်တာ ၃ စီနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ ပေါင် ၅၀၀ ၅ လုံးကြဲတာ ၂ လုံးကမကွဲဘူးပေါ့နော်။ ရွာလယ်ကောင်က ရွှေဆိုင်တွေကို ချသွားတာပေါ့။ အရပ်သား ၂ ဦးသေဆုံးပြီးတော့ ၈ ဦး ဒဏ်ရာရပါတယ်။ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက် ရှိရှိတိုက်ခိုက်တယ်လို့ပဲ ဝေဖန်ချင်တယ်ပေါ့နော်။ အဲ့လိုပဲ ဝေဖန်ရမှာပေါ့။ ဘာလို့လဲဆို တိုက်ပွဲဖြစ်ပွားခြင်းလဲ မရှိသလို အဲ့နေရာဟာ PDF တွေလဲ တော်လှန်ရေး အင်အားစုတွေလည်း ရှိနေတဲ့နေရာမျိုးမဟုတ်ဘူးပေါ့နော်။”
ဥက္ကံကျေးရွာမှာ တစ်လအတွင်း ဒုတိယအကြိမ်မြောက် လေကြောင်းတိုက်ခိုက်ခံရတာဖြစ်ပြီး စက်တင်ဘာ ၃၀ရက်နေ့ကလည်း လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဥက္ကံကျေးရွာကဒေသခံ ၇ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကောလင်းပြန်ကြားရေး တာဝန်ခံကပြောပါတယ်။ ကောလင်းမြို့နယ်အတွင်းမှာ စက်တင်ဘာလကုန်ပိုင်းကနေ အခုအချိန်ထိ ၅ ကြိမ်ထက်နည်း လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဒေသခံအများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ ကောလင်းမြို့နယ် ပြန်ကြားရေး တာဝန်ခံက ခုလိုပြောပါတယ်။
“၉ လပိုင်း ၃၀ မှာ အဲ့တုန်းက တစ်ကြိမ် လေကြောင်း တိုက်ခိုက်ထားတာကြောင့် ပြည်သူတွေက ခုမှပြန်ပြီးတော့ (ရွာကို) ဝင်လာပြီးတော့ ခုမှ နေသားကျမယ့်အနေအထားပေါ့နော်၊ အဲ့လို အနေအထားရှိမယ့် အချိန်မှာ လေကြောင်းတိုက်ခိုက်သွားတာပါ၊ နောက်တစ်ကြိမ် တိုက်ခိုက်ခံရတာပေါ့နော်။ လက်ရှိ ဒေသခံတွေကတော့ စစ်ရှောင်နေကြတယ်ပေါ့နော်။ တကယ်လဲ သွေးပျက်စရာ အနေအထားမျိုး ဖြစ်သွားပြီပေါ့။ ၉ လပိုင်း ၂၈၊ ၂၉၊ ၃၀ ရက်တွေမှာ တိုက်ခိုက်တဲ့ ဖြစ်စဉ်မှာဆိုရင် အရပ်သားပြည်သူတွေ အများအပြားသေကြေပြီးတော့မှ ဒဏ်ရာရတာတွေလည်း အများကြီးရှိခဲ့တယ်ပေါ့နော်။ အဲ့ဒီဖြစ်စဉ်နဲ့ဆို ဒါဟာ ဥက္ကံမှာ ဒုတိယအကြိမ် တိုက်ခိုက်ခံရတာပေါ့။ အခု တစ်ကြိမ်ကော ဆိုရင် ကောလင်းမြို့နယ် တမြို့နယ်တည်းမှာတင် လေကြောင်းတိုက်ခိုက်တာက ၅ ကြိမ်ရှိသွားပြီပေါ့။”
စစ်ကောင်စီဘက်က ကောလင်းမြို့ ဥက္ကံကျေးရွာဟာ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ လက်နက်ထုတ်လုပ်ရေး နေရာတွေဖြစ်တယ်လို့ ဖော်ပြပေမယ့် တိုက်ခိုက်ခံရတဲ့ နေရာတွေဟာ ကားဝပ်ရှော့၊ ကုန်စုံဆိုင်နဲ့ အရပ်သား နေအိမ်တွေသာ ဖြစ်တယ်လို့ ကောလင်းခရိုင် တပ်ရင်း ၂ ကလည်း ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့က ရွာသစ် ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ညအချိန် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ၁ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ၂၈ ရက်နေ့ကလည်း တဂေါင်းအိုင်ကျေးရွာကို လေကြောင်းကနေ ၁၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတွေ ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်လို့ ကောလင်း ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီဘက်က ကောလင်း၊ ကန့်ဘလူ၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်းစတဲ့ ဒေသတွေမှာ တိုက်ပွဲတွေမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေက ကျေးရွာတွေအတွင်းကို ဒရုန်းနဲ့ ဗုံးကြဲတာ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိနေပြီး ထိခိုက်သူတွေ ကုသပေးနိုင်ဖို့ ဆေးဝါးလိုအပ်ချက်တွေရှိတယ်လို့လည်း ဒေသခံတွေပြောပါတယ်။
စစ်ကောင်စီကတော့ အဲ့ဒီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရှိနေလို့ နယ်မြေရှင်းလင်းရတာဖြစ်တယ်လို့ ထုတ်ပြန်လေ့ရှိပါတယ်။ ဒီလို နယ်မြေရှင်းလင်းမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင်အရေအတွက်က နေ့စဉ်နဲ့အမျှတဖြည်းဖြည်းတိုးလာနေပါတယ်။
Forum