သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းဒေသစစ်ရှောင်တွေ အပူချိန်ပြင်းထန်မှုကြောင့် သောက်သုံးရေခက်ခဲ


စစ်ကိုင်းတိုင်း
စစ်ကိုင်းတိုင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသတချို့မှာ ရေပြတ်လပ်ပြီး စစ်ဘေးရှောင်တွေ အခက်ကြုံနေကြရပါတယ်။ ကန့်ဘလူအရှေ့ခြမ်းတခုလုံးနဲ့ အနောက်ခြမ်းက နေရာတချို့တို့မှာ သောက်သုံးရေ မလုံမလောက်ဖြစ်နေပြီး ကောလင်းမှာလည်း စစ်ရှောင် ၂,၅၀၀ လောက် ရေပြတ်နေရတာပါ။ ကလေးမြို့က ရေရှင်၊ ရှားဖို၊ ရှားတော စတဲ့ ဒေသတွေမှာလည်း ရေအခက်အခဲတွေ ဖြစ်နေကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

ကောလင်းမြို့က စစ်ရှောင် ၂,၅၀၀ ဝန်းကျင်လောက်ဟာ သောက်သုံးရေပြတ်လပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကောလင်းမြို့ ရွာ ၅ ရွာလောက်ဟာ မြစ်ချောင်းတွေနဲ့ ဝေးတာ၊ စစ်ရှောင်တွေများတဲ့အတွက် ရှိတဲ့ ရေတွင်းရေကန်နဲ့ မလုံလောက်နိုင်တော့ဘဲ ရေပြတ်လပ်ရတာဖြစ်တယ်လို့ ကောလင်း ခရိုင်ပြည်သူ့ဆက်ဆံရေးနဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“လက်ရှိ ခန့်မှန်းခြေကတော့ စာရင်းအတိအကျတော့ မရထားပေမယ့် ခန့်မှန်းခြေကတော့ လက်ရှိ ရေပြတ်လပ်နေတဲ့ နေရာက ၅ ရွာလောက်တော့ ရှိတယ်လို့တော့ ခန့်မှန်းရတယ်ပေါ့နော်။ စစ်ရှောင်ဦးရေ ၂,၅၀၀ လောက် ရေအခက်အခဲ ကြုံနေရတယ်ပေါ့။ အဓိကက ရေတွင်းရေကန် မရှိတာ မဟုတ်ဘူး၊ ရေတွင်းတွေရှိတယ်၊ သောက်သုံးရေရော၊ ချိုးရေရောက လူဦးရေများတဲ့အတွက် ရေထွက်နိုင်တဲ့ အင်အားနဲ့ လူဦးရေအင်အားနဲ့ မညီမျှဖြစ်ပြီးတော့မှ ပြတ်လပ်သွားတာပေါ့နော်။ စဥ်းစားပြီးတော့ အဆင်ပြေနိုင်မယ့် နည်းလမ်းတွေနဲ့ ကျနော်တို့ လုပ်ပေးနေတာတွေတော့ရှိတယ်ပေါ့နော်။ ဒါပေမယ့် လောက်ငမှုတော့ မရှိဘူး။ စစ်ရှောင်အင်အား အရမ်းများတဲ့အတွက် လောက်ငနိုင်ခြင်းတော့ မရှိပါဘူး။”

ရာသီဥတုပူပြင်းပြီး သောက်သုံးရေ ပြတ်လပ်မှုတွေနဲ့ အိမ်သာ အဆင်မပြေမှုတွေကြောင့် ဝမ်းပျက် ဝမ်းလျှောဖြစ်ကြတာတွေလည်း များတယ်လို့ ပြောပါတယ်။ စစ်ရှောင်တွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်က ဝမ်းပျက် ဝမ်းလျှောဖြစ်နေကြတယ်လို့ ပြောပါတယ်။

“တချို့ စစ်ရှောင်တွေ တော်တော်များများက တောထဲတွေမှာ ပျံ့နှံ့နေတာဖြစ်တဲ့ အတွက် အဓိကက ရေရယ်၊ အိမ်သာပေါ့နော်၊ အဲ့လို သန့်ရှင်းရေးအတွက် အိမ်သာ မရှိတဲ့အခါမှာ ဝမ်းပျက် ဝမ်းလျှောရောဂါတွေ ဖြစ်လာတယ်။ နောက် ဝမ်းကိုက် ရောဂါတွေဖြစ်လာတယ်။”

လက်ရှိမှာ ကောလင်း စစ်ရှောင်ကူညီရေးအဖွဲ့တွေက ရရှိတဲ့ ငွေအင်အား၊ လူအင်အား အားလုံးနဲ့ စစ်ဘေးရှောင်တွေ သောက်သုံးရေရရှိနိုင်ရေးနဲ့ ကျန်းမာရေးအတွက် ဦးစားပေး ဆောင်ရွက်နေကြရတယ်လို့ ပြောပါတယ်။

စစ်ဘေးရှောင် ၂၀,၀၀၀ ဝန်းကျင်ရှိနေတဲ့ ကန့်ဘလူအရှေ့ခြမ်းမှာလည်း ရာသီဥတုအပူချိန်တွေကြောင့် သောက်သုံးရေ ပြတ်လပ်နေပါတယ်။ လက်ရှိမှာ စစ်ရှောင်တွေ ရေရရှိနိုင်ရေးအတွက် ရေတွင်းတွေ တူးနေကြတာရှိပေမယ့် မြေအနေအထားအရတော့ ရေက လုံလုံလောက်လောက် ရနိုင်ခြေမရှိဘူးလို့ ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ခံက ပြောပါတယ်။

“ကန့်ဘလူမြို့နယ်ထဲမှာက ရေရှားတဲ့ အရပ်ဒေသတွေက တော်တော်များများ ရှိတာဗျ။ ကန့်ဘလူအရှေ့ခြမ်းဆိုရင် ရေတော်တော်ရှားတဲ့ အရပ်ဒေသလို့ ပြောလို့ရတယ်ပေါ့လေ။ နောက်ထပ်နေရာတွေလည်း ရှိတော့ ရှိသေးတယ်။ ကန့်ဘလူအရှေ့ခြမ်းဖက်က ရွာတွေဆိုလို့ရှိရင် အသည်းအသန် ဒီရေတွင်းတူးနေကြတာပေါ့နော်၊ တကယ်တမ်းက မြေအနေအထား အရကျတော့လည်း ရေထွက်ဖို့ တော်တော်ခဲယဥ်းတဲ့ နေရာတွေလည်း ဖြစ်နေတာပေါ့။ ခုတော့ တူးပြီး လုပ်နေကြတာပေါ့လေ၊ အဲ့လိုမှ မရဘူးဆိုလို့ရှိရင် နီးစပ်ရာ ချောင်းတွေကနေ ရေကို လှည်းနဲ့ တိုက်ရတာတွေပေါ့ အဲ့လို အနေအထားတွေ ရှိတယ်။”

ကန့်ဘလူမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေထဲက သက်ကြီးရွယ်အိုတချို့ ဒီရက်ပိုင်းအတွင်း အပူချိန်ကြောင့် သေဆုံးမှုတွေ ရှိနေပေမယ့် အရေအတွက် အတိအကျတော့ မသိရပါဘူး။ ကလေးမြို့က ရေရှင်၊ ရှားဖို၊ ရှားတော စတဲ့တောင်ပေါ်ဖက်ကို နီးတဲ့ ကျေးရွာတွေမှာ သောက်သုံးရေ ရရှိနိုင်ဖို့ အခက်အခဲတွေဖြစ်နေကြပါတယ်။ သောက်သုံးရေး ရရှိဖို့ကို စစ်ဘေးရှောင်တွေ နေထိုင်ရာ နေရာကနေ တနာရီဝန်းကျင်လောက် လမ်းလျှောက်ပြီး ရေသွားခပ်နေကြရတယ်လို့ ရှားဖို ကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိတဲ့ ရှားဖိုကျေးရွာက တရွာလုံး စစ်ဘေးရှောင်နေကြရတာ ၃ နှစ်ဝန်းကျင် ရှိနေကြပါပြီ။ နှစ်စဥ် နွေရာသီရောက်တိုင်း ရေရရှိနိုင်ဖို့ ခက်ခဲတဲ့ ဒေသဖြစ်ပါတယ်။ လက်ရှိမှာလည်း သောက်သုံးရေမလုံလောက်မှု ကြုံနေရပြီး ဝမ်းပျက် ဝမ်းလျှောလည်း အဖြစ်များကြတယ်လို့ ပြောပါတယ်။ အပူချိန်မြင့်တာကြောင့် ဒေသခံ သက်ကြီး ရွယ်အို ၄ ဦးသေဆုံးခဲ့တယ်လို့ ရှားဖို့ ဒေသခံကပြောပါတယ်။

“ရှားတော၊ ဒီဘက်နဲ့ ရေရှင်ဘက်တွေကျတော့ တောင်ပေါ်တွေမှာ နေရတာဖြစ်တဲ့အတွက် ရေရှားတယ်။ ရေတခေါက်ရဖို့အရေးကို အဝေးကြီးပေါ့။ တောင်ပေါ်တွေ၊ တောင်ဆင်းတောင်တက်နဲ့ ထမ်းသယ်ရတာပေါ့။ အခု ကျန်းမာရေးတွေက နည်းနည်း လူအို သူအိုတွေကလည်း နေပူချိန်တွေမခံနိုင်လို့ ကျန်းမာရေးတွေဖောက် သေတဲ့သူက သေ၊ အဲ့လိုမျိုးတွေ ဖြစ်တာပေါ့လေ။ အခုကတော ၄ ယောက်တော့ ရှိသွားပြီ။ သေတဲ့သူကလေ။”

စစ်ဘေးရှောင်ဒေသတွေမှာ ဆေးဝါးကုသမှု လုံလုံလောက်လောက်မရဘူးလို့ ပြောကြပါတယ်။ ကုန်းစျေးနှုန်းတွေ ကြီးမြင့်မှုတွေကြောင့်ရော လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံထားရတာတွေကြောင့်ပါ ဆေးဝါးနဲ့ စားသောက်ကုန်တွေ လုံလုံလောက်လောက် မရနိုင်ကြပါဘူး။ စစ်ဘေးရှောင်ရတာ ကြာလာတာနဲ့အမျှ အလှူရှင်တွေ နည်းလာတာကြောင့် စစ်ရှောင်တွေရဲ့ စားဝတ်နေရေးခက်ခဲလာနေကြတယ်လို့လည်း စစ်ရှောင်ကူညီသူတွေကပြောကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG