သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကောလင်းအနောက်ခြမ်း စစ်ရှောင် နှစ်သောင်းကျော် အကူအညီလိုအပ် 


လက်နက်ကြီးကျည်ထိထားတဲ့ ကောလင်းမြို့က ဘုန်းကြီးကျောင်း။ (ယခင်မှတ်တမ်း ဓာတ်ပုံ - KLPDF)
လက်နက်ကြီးကျည်ထိထားတဲ့ ကောလင်းမြို့က ဘုန်းကြီးကျောင်း။ (ယခင်မှတ်တမ်း ဓာတ်ပုံ - KLPDF)

ကောလင်းမြို့အနောက်ခြမ်းက စစ်ဘေးရှောင် နှစ်သောင်းခွဲလောက်ဟာ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။ စစ်ဘေးရှောင်ကာလ ကြာမြင့်လာတာနဲ့အမျှ အခက်အခဲတွေ ပိုလို့ ရှိလာတာပါ။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို အခုနှစ်ဆန်းပိုင်းမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးပြီး မြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်တဲ့အတွက် ကောလင်းမြို့ခံတွေနဲ့ အနီးပတ်ဝန်းကျင်က ဒေသခံ ၅ သောင်းနီးပါး စစ်ဘေးတိမ်းရှောင်ခဲ့ကြရပါတယ်။

စစ်တပ်ကမြို့ကိုပြန်လည်ထိန်းချုပ်ပြီး အနီးအနား ကျေးရွာတွေဆီ စစ်ကြောင်းထိုးတဲ့အတွက် ဒေသခံတွေ စစ်ဘေးရှောင်ကြရတာ ၅ လကျော် ၆ လနီးပါး ရှိလာပါပြီ။ စစ်ဘေးရှောင်ကြရတဲ့ အချိန်ကြာမြင့်လာတာနဲ့အမျှ ကောလင်းအနောက်ဘက်ခြမ်းမှာရှိနေတဲ့ စစ်ဘေးရှောင် နှစ်သောင်းခွဲလောက်ဟာ လမ်းပမ်းဆက်သွယ်ရေးအခက်အခဲကြောင့် စားနပ်ရိက္ခာ အကူအညီတွေ အထူးလိုအပ်လာတယ်လို့ ပြည်သူမှပြည်သူသို့(ကောလင်း) အဖွဲ့ တာဝန်ခံကိုသဲကြီးက ပြောပါတယ်။

"စစ်တပ်က တပ်စွဲထားတာက မြို့ပေါ်တင်မကဘဲ မြို့နဲ့ ၂ မိုင်ပတ်ချာလည်အထိ တပ်စွဲထားပြီးတော့မှ မြို့ရဲ့တော်တော်များများက မီးရှို့ခံထားရတော့ အဲ့တော့ပြည်သူတွေက အဆင်ပြေတဲ့နေရာ တောထဲတောင်ထဲမှာ တဲထိုးပြီးနေရတာတွေရှိတယ်။ တချို့နီးစပ်ရာ ရွာတွေမှာ ရှောင်နေရတာတွေရှိတယ်။ အဲ့ပုံစံရှောင်နေရတာပေါ့။ ပြီးတော့အများစုက လူသားစာနာဘက်က ကူညီမှုတွေက ကျေးရွာတလျှောက် စစ်ရှောင်စခန်းတွေ၊ ဘုန်းကြီးကျောင်းတွေ အဲ့လိုရှောင်နေတဲ့နေရာကလူတွေကိုတော့ အထောက်အပံ့ ရောက်ဖြစ်တယ်။ ဆန်လေး ဆီလေးတွေ၊ အခြေခံစားသောက်ကုန်တွေ ဝေကြတယ်။ ဒါပေမယ့် လူအင်အားကလည်း တမြို့လုံးအနေအထားနဲ့ ၅ သောင်းကျော်ကို ဒီအနောက်ခြမ်းမှာ ၂ သောင်းကျော်ရှိနေတာဆိုတော့ မလောက်င ဖြစ်နေတာပေါ့။ မလောက်ငတာလို့ပြောရမလား၊ တချို့နေရာတွေကျတော့ လုံးဝ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရယ်၊ ရွာမဟုတ်ဘဲ တောထဲတောင်ထဲရောက်နေတာဆိုတော့ မြေပြင်မှာကူညီပေးသူတွေ လက်လှမ်းမမှီနိုင်တဲ့နေရာတွေရှိနေတယ်။ ကျနော်တို့အဖွဲ့တွေကတော့ အဲ့ဒါတွေကို ကြိုးစားပြီး လှူပေးနေတယ်။"

စစ်ဘေးရှောင်တဦးကတော့ သူကြုံတွေ့နေရတဲ့အခက်အခဲကို အခုလို ပြောပြပါတယ်။

"ခြင်လည်းကိုက်တယ်။ စားစရာဆိုတာလည်း မပြည့်စုံဘူး။ ကျမတို့ဆီက အဝေအတန်း (ထောက်ပံ့မှု) ကလည်း မရောက်ဖူး။ ခြင်ထောင်လေးလည်း လိုအပ်သေးတယ်။ ခြင်ထောင်က ပါတဲ့သူပါတယ်။ မပါတဲ့သူမပါဘူး။ နေရေးထိုင်ရေးကအဆင်ပြေပေမယ့် ရေကအဆင်မပြေဘူး။ အိမ်သာလေးတွေလည်းလိုတယ်။ အိမ်သာလေးတွေက တောကြားထဲ တက်နေရတာ။ ကျမတို့က ဘာမှမရှိပါဘူး။"

နေထိုင်ရေးအပြင် တကိုယ်ရည်သန့်ရှင်းမှု အားနည်းတာတွေကြောင့် ဖျားနာတာတွေအပြင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်သူအချို့လည်းရှိတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာဟာလည်း စစ်ဘေးရှောင်တွေအတွက် အခက်အခဲတခုပါ။ ကျန်းမာရေးအတွက် လိုအပ်တဲ့ဆေးဝါးတွေကို အဆမတန် ပေးဝယ်နေရတယ်လို့ ကောလင်းစစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

"သွားရလာရတာလည်း ခက်ခဲတယ်။ စားမှုသောက်မှုလည်း ခက်ခဲတယ်။ ကုန်ဈေးနှုန်းတွေကလည်း အဆမတန်တက်နေတော့ လူတွေတော်တော်များများ အခက်အခဲဖြစ်နေကြတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး စစ်ရှောင်ခဲ့ရတာလည်း ၅ လကျော် ၆ လထဲရောက်နေပြီ။ ဆေးတွေဝယ်ရတယ်။ အခုက ဆေးတချောင်းထိုးရင် အဆမတန်ပေးနေရတာ။ သောင်းကျော်ပေးနေရတာ။ အဲ့တော့ ဆေးဝါးလည်း အခက်အခဲဖြစ်တယ်။ စားမှုသောက်မှု အဝတ်တွေကအစ မီးထဲပါသွားတော့ အဝတ်တထည် ကိုယ်တခုနဲ့ပြေးလာရတာဆိုတော့ ဝတ်ရေးခြုံရေးကအစ အဝတ်အထည်ကအစ အခက်အခဲဖြစ်ပါတယ်။"

စစ်တပ်ဟာ မြို့ပေါ်မှာတပ်စွဲထားပြီးတဲ့နောက် မြို့အရှေ့ခြမ်းကနေ အနောက်ခြမ်းကို ဖြတ်သန်းသွားလာတဲ့ ကုန်တင်ယာဉ်တွေကို တားမြစ်တာတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေကနေ ကွေ့ပတ်သွားရတဲ့အတွက် ကုန်ဈေးနှုန်းတွေအဆမတန် မြင့်တက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ကောလင်းမြို့ရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးက လက်ရှိမှာ ပျက်စီးသွားပြီး နေအိမ်အများအပြားလည်း မီးလောင်ကျွမ်းခဲ့သလို မြို့ပတ်ဝန်းကျင်က ကျေးရွာတွေလည်း မီးရှို့ခံထားရပါတယ်။ ဒါကြောင့် ဒေသခံတွေအတွက် အိမ်ပြန်ခရီးဟာ အလှမ်းဝေးနေသလို ဒေသတွင်း ကျန်းမာရေး စီးပွားရေး ပညာရေး အစစအရာရာလည်း ပျက်စီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG