IAEA အကြီးအကဲ နျူကလီယားအရေး အီရန်မှာဆွေးနွေး

IAEA အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ အကြီးအကဲ Rafael Grossi နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi တို့တွေ့ဆုံနေစဉ် (နိုဝင်ဘာ ၁၄၊ ၂၀၂၄)

အမေရိကန်နိုင်ငံမှာ အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင်ဖို့ သီတင်းပတ်အနည်းငယ်ပဲ လိုတော့တဲ့ အချိန်မှာ IAEA အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ အကြီးအကဲ Rafael Grossi ဟာ တဟီရန်မှာ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi နဲ့ အီရန် နျူကလီယားအရေးဆွေးနွေးဖို့ ကြာသပတေးနေ့မှာ တွေ့ဆုံခဲ့ပါတယ်။

၂၀၁၇ ကနေ ၂၀၂၁ သမ္မတသက်တမ်းတုန်းက ထရမ့်က ၂၀၁၅ အီရန် နျူကလီယား သဘောတူညီချက်ကနေ နှုတ်ထွက်ခဲ့ပြီး အီရန်အပေါ် အပြင်းထန်ဆုံး စီးပွါးရေးပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ခဲ့တာပါ။

တဟီရန်ကို ဗုဒ္ဓဟူးနေ့မှာ ရောက်သွားတဲ့ IAEA အကြီးအကဲ Grossi ဟာ အီရန်ရဲ့ နျူကလီယားဆိုင်ရာနဲ့ နိုင်ငံရေးရာ ထိပ်တန်းအရာရှိကြီးတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ ရှိတယ်လို့ အီရန်အစိုးရ IRNA သတင်းမှာ ဖေါ်ပြပါတယ်။ အီရန် နိုင်ငံခြားရေးဝန်ကြီး အာရာဂ်ချီ ဟာ ၂၀၁၅ အီရန်နျူကလီယား စာချုပ်မှာ အီရန်ဘက်က ဦးဆောင်ညှိနှိုင်းရေးမှူး ဖြစ်တဲ့ အတွက် သူနဲ့ ဆွေးနွေးဖို့၊ အဓိက လိုအပ်နေတာ ဖြစ်ကြောင်း Grossi က လူမှုမီဒီယာ X မှာ ရေးပါတယ်။

အာရာဂ်ချီ - ကလည်း အခုတွေ့ဆုံ ဆွေးနွေးမှုဟာ သိပ်အရေးကြီးသလို ဖြောင့်မတ်မှုလည်းရှိကြောင်း နဲ့ အီရန်ဘက်က ဒီနျူကလီယား NPT သဘောတူညီချက် အတိုင်း လိုက်နာမှာ ဖြစ်ကြောင်းပြောပါတယ်။ ဒါ့အပြင် အီရန်ဟာ သူ့ရဲ့ ငြိမ်းချမ်းစွာအသုံးပြုမယ့် နျူကလီယား အစီအစဉ် နဲ့ ပတ်သက်ပြီး ညှိနှိုင်းရေး စားပွဲဝိုင်းကနေ ဘယ်တုန်းကမှ ထွက်သွားတာ မရှိခဲ့ကြောင်းနဲ့ အခုတွေ့ဆုံမှုကနေ အီရန်က ချစ်ကြည်စွာနဲ့ ရဲရဲဝံ့ဝံ့ လုပ်ဆောင်ဖို့ ၂ ဘက် သဘောတူခဲ့တယ်လို့ လူမှုမီဒီယာမှာ ရေးပါတယ်။

အီရန်အနေနဲ့ အမျိုးသား အကျိုးစီးပွါးနဲ့ ရပိုင်ခွင့်ပေါ်အခြေခံပြီး ညှိနှိုင်းဆွေးနွေးလိုတဲ့ ဆန္ဒရှိနေပေမယ့် ဖိအားပေး ခြိမ်းခြောက်မှုနဲ့ ညှိနှိုင်းတာမျိုး လုပ်မှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။ Grossi ဟာ အီရန် အနုမြူစွမ်းအင်အဖွဲ့ ခေါင်းဆောင် မိုဟာမက် အီစလန်မီ နဲ့လည်း တွေ့ဆုံခဲ့သလို အီရန် သမ္မတ မာဆုဒ် ပဇက်ရှ် ကီယန်နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

Your browser doesn’t support HTML5

IAEA အကြီးအကဲ နျူကလီယားအရေး အီရန်မှာဆွေးနွေး