ရိုဟင်ဂျာအရေး ICC ရှေ့နေချုပ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး

ICC ရှေ့နေချုပ် Karim Khan နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mohammed Hasan Mahmud တို့တွေ့ဆုံ (ဩဂုတ် ၁၊ ၂၀၂၄)

နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ရှေ့နေချုပ် Karim Khan နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mohammed Hasan Mahmud တို့ နယ်သာလန်နိုင်ငံ The Hague မြို့မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံအခြေအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရေးကိစ္စတွေ ဆွေးနွေးတဲ့အကြောင်း မနေ့က နေ့စွဲနဲ့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက X လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

နိုင်ငံတကာ အရေးကိစ္စတွေကြားမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ တရားမျှတမှုအတွက် ထောက်ပံ့ရေးကိစ္စတွေ မှေးမှိန်သွားတာကို စိုးရိမ်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mohammed Hasan Mahmud က ပြောဆိုတာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ BSS သတင်းမှာလည်း ဖေါ်ပြပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဆက်ရှိနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူမှုစီးပွားနဲ့ လုံခြုံရေးအပေါ် ထိခိုက်နေတဲ့ အခြေအနေတွေကို နိုင်ငံခြားရေးဝန်ကြီး Mohammed Hasan Mahmud ဆွေးနွေးပြောဆိုတဲ့အကြောင်း သတင်းမှာ ဖေါ်ပြပါတယ်။

ICC ရှေ့နေချုပ် Karim Khan ဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေအပေါ် ကျုးလွန်တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကနေ တရားဥပဒေအရ အရေးယူနိုင်ရေး ထောက်ခံအားပေးနေသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒုက္ခသည်စခန်းကို လေးရက်ကြာ သွားရောက်ပြီး ဒုက္ခသည်တွေကို တွေ့ဆုံပါတယ်။ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျုးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မျက်မြင်သက်သေ၊ အသက်မသေဘဲ ကျန်ခဲ့တဲ့သူတွေရဲ့ ပြောဆိုချက်တွေကို လူတွေ့ ကြားနာခဲ့သူ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာတော့ ဒုက္ခသည်နေရပ်ပြန်ပို့ရေး စီမံကိန်းတွေ ရပ်ဆိုင်းနေပြီး ရခိုင်ပြည်နယ်အတွင်းမှာတော့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ရိုဟင်ဂျာတွေကို လက်နက်ကိုင် တိုက်ပွဲတွေအတွင်း အတင်းအကြပ် စစ်မှုထမ်းခိုင်းတဲ့ သတင်းတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းတွေပဲ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ပိုပြီး ထွက်ပေါ်နေပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာအရေး ICC ရှေ့နေချုပ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး