သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါကမ္ဘာတဝန်း ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ တိုက်ခိုက်ခံရမှု တိုးမြင့်လာ 


လေကြောင်းတိုက်ခိုက်ခံရတဲ့ မင်းတပ်မြို့နယ် ဝမ္မသူးဆေးရုံ။ (ဧပြီ ၂၆၊ ၂၀၂၄)
လေကြောင်းတိုက်ခိုက်ခံရတဲ့ မင်းတပ်မြို့နယ် ဝမ္မသူးဆေးရုံ။ (ဧပြီ ၂၆၊ ၂၀၂၄)

၂၀၂၃ ခုနှစ်ထဲမှာ မြန်မာအပါအဝင် ကမ္ဘာတဝန်းမှာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အဖွဲ့အစည်းအပေါ်အကြမ်းဖက်ခံရမှု ဒါမှမဟုတ် ဖျက်ဆီးခံရမှု ၂,၅၆၂ ခု အထိဖြစ်ခဲ့ပြီး ဒါဟာ ၂၀၂၂ ခုနှစ်ထက် အကြိမ်ရေ ၅၀၀ မြင့်တက်လာတာ ဖြစ်ပါတယ်။​ ဒါဟာ ရာခိုင်နှုန်းနဲ့ဆိုရင် ၂၅ % အထိတိုးလာကြောင်း လေ့လာမှတ်တမ်းပြုစုထားတဲ့ အစီရင်ခံစာသစ်တစောင်က မေလ ၂၂ ရက် (ဗုဒ္ဓဟူးနေ့) က ပြောပါတယ်။

အာဖဂန်နစ္စတန်နဲ့ အစ္စရေးသိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းနယ်မြေတွေထဲမှာ ကျန်းမာရေးဝန်ထမ်း ဖမ်းဆီးခံမှုတိုးလာနေပြီး မြန်မာမှာဆိုရင် အမြင့်ဆုံးအဆင့် ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် မြန်မာအပါအဝင် နိုင်ငံတကာက ကျူးလွန်သူတွေကို လက်နက်တွေပိတ်ပင်ဖို့လည်း အဲဒီမှာ တောင်းဆိုထားပါတယ်။ ဒီထုတ်ပြန်ချက်ကို ပဋိပက္ခအတွင်း ကျန်းမာရေးကဏ္ဍ အကာအကွယ်ပေးရေးဆိုင်ရာ ညွန့်ပေါင်းမဟာမိတ်အဖွဲ့ (SHCC) နဲ့ SHCC ရဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင်ဖြစ်တဲ့ လူ့အခွင့်ရေးဆိုင်ရာသမားတော်များ (PHR) တို့က ထုတ်ပြန်တာပါ။ ၁၁ ကြိမ်မြောက်ထုတ်ပြန်တဲ့ ၂၀၂၃ ခုနှစ်ပါ ကိန်းဂဏန်းတွေက သူတို့ မှတ်တမ်းတင်ပြုစုခဲ့တဲ့ သက်တမ်းတလျှောက် အမြင့်ဆုံး ဖြစ်တယ်လို့လည်း လေ့လာသူတွေက ဆိုပါတယ်။

ဒီထုတ်ပြန်ချက်ထဲမှာ ဂါဇာနဲ့ ဆူဒန်နိုင်ငံတွေက ပဋိပက္ခအသစ်တွေနဲ့အတူ မြန်မာ၊ ယူကရိန်းနဲ့ဟေတီနိုင်ငံတွေမှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေကာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အပေါ် ပြင်းပြင်းထန်ထန်အကြမ်းဖက်မှုခံရတယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနဲ့ ဆီးရီးယားနိုင်ငံတွေမှာ ဆိုရင် ဆေးရုံတွေကို လေကြောင်းတိုက်ခိုက်ခံရမှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက ဆေးရုံတွေတွေကို သိမ်းပိုက်တာတွေရှိသလို ရုရှားတပ်ဖွဲ့ဝင်တွေဟာလည်း ယူကရိန်းအရှေ့ပိုင်းမှာ စစ်ရေး အရ အသုံးပြုဖို့ ဆေးရုံတွေကို အခြေချ သိမ်းယူတာတွေရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီလို ကျန်းမာရေး စောင့်ရှောက်သူတွေနဲ့ စနစ်အဖွဲ့အစည်းတွေကို အန္တရာယ်ကြီးစွာကျရောက်စေလို့ ပဋိပက္ခအတွင်းက ကျူးလွန်သူတွေ၊ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်သူတွေကို လက်နက်မရောင်းချဖို့လည်း နိုင်ငံတကာကအစိုးရတွေကို အဲဒီ အစီရင်ခံစာမှာ တောင်းဆိုထားပါတယ်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အပါအဝင် နိုင်ငံအသီးသီးက တရားရုံးတွေအနေနဲ့လည်း ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေပေါ်မှာ ဒဏ်ရာရနေသူ၊ ဖျားနာနေသူတွေကို တိုက်ခိုက်မှု ကျူးလွန်တာတွေနဲ့ ပတ်သက်တဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ အတွက် တရားစွဲဆိုကြဖို့လည်း တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ဒေသဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ပဋိပက္ခအတွင်း ကျန်းမာရေးစောင့်ရှောက်မှုကိုကာကွယ်ပေးဖို့နဲ့ အကြမ်းဖက်ခံရမှုလျော့ပါးလာအောင် အစီအစဥ်တွေ ချမှတ်ဆောင်ရွက်ဖို့လည်း အကြံပြုထားပါတယ်။

SHCC ရဲ့ထုတ်ပြန်ချက်ထဲမှာ အာဖရိကတိုက် မိုးခေါင်ရေရှားဒေသတခုဖြစ်တဲ့ ဆာဟဲလ် (Sahel) ဒေသမှာလည်း ကျန်းမာရေး အထောက်အကူပြုပစ္စည်း၊ သယ်ယူပို့ဆောင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်ခံရခွင့် ဆိုင်ရာတွေမှာ အန္တရာယ်တွေမြင့်မားနေတယ်လို့ တပါတည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG