သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတောင်ပိုင်း ကုလလေ့ကျင့်ရေးစင်တာ တင့်ကားနဲ့ပစ်ခတ်ခံရ


ဂါဇာတောင်းပိုင်း ပါလက်စတိုင်းဒုက္ခသည် ၈၀၀ လောက် နေထိုင်နေရာ ကုလ လေ့ကျင့်ရေးဌာနအဆောက်အဦးကို တင့်ကားနဲ့ပစ်ခတ်ခံရပြီး မီးလောင်နေတာကို ငြိမ်းသတ်ဖို့ ကြိုးစားနေကြတဲ့ ပါလက်စတိုင်းသားများ။ (ဇန်နဝါရီ ၂၄၊ ၂၀၂၄)
ဂါဇာတောင်းပိုင်း ပါလက်စတိုင်းဒုက္ခသည် ၈၀၀ လောက် နေထိုင်နေရာ ကုလ လေ့ကျင့်ရေးဌာနအဆောက်အဦးကို တင့်ကားနဲ့ပစ်ခတ်ခံရပြီး မီးလောင်နေတာကို ငြိမ်းသတ်ဖို့ ကြိုးစားနေကြတဲ့ ပါလက်စတိုင်းသားများ။ (ဇန်နဝါရီ ၂၄၊ ၂၀၂၄)

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းက ခန်းယူနစ် (Khan Younis) မှာ ပါလက်စတိုင်း ဒုက္ခသည် ၈၀၀ လောက်နေထိုင်နေတဲ့ ကုလသမဂ္ဂ လေ့ကျင့်ရေးစင်တာကို ဗုဒ္ဓဟူးနေ့က တင့်ကားနဲ့ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂ ကယ်ဆယ်ရေး အရာရှိတဦးက ပြောပါတယ်။

အဲဒီ လေ့ကျင့်ရေးစင်တာအထက်က ကောင်းကင်ယံတခုလုံး အနက်ရောင်မီးခိုးငွေ့တွေ ဖုံးလွှမ်းနေတာကို ထွက်လာတဲ့ဗွီဒီယိုတွေမှာတွေ့ရပါတယ်။ ကုလသမဂ္ဂ ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ ဖိလစ်ပီ လာဇာရီနီ (Philippe Lazzarini) က ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး သေဆုံးသူအရေအတွက် တိုးလာဖွယ်ရှိကြောင်း ပြောပါတယ်။

တပြိုင်တည်းမှာပဲ ခန်းယူနစ်မြို့ကို အစ္စရေးဘက်က တိုက်ခိုက်မှုတွေတိုးလာနေလို့ ထောင်နဲ့ချီတဲ့ မြို့ခံ ပါလက်စတိုင်းတွေ မြို့ကို စွန့်ခွာထွက်ပြေးနေရတာက ၃ ရက်မြောက်လာခဲ့ပါပြီ။ အများစုက အီဂျစ်နယ်စပ်အနီး ရာဖာ (Rafah) မြို့ကို ထွက်ပြေးကြတာပါ။ ဂါဇာရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခန်းယူနစ်ရဲ့ အဓိက ဆေးရုံကြီးဖြစ်တဲ့ နာဆာ (Nasser) ဆေးရုံအနီးမှာ ဗုဒ္ဓဟူးနေ့က တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ရာနဲ့ချီတဲ့ လူနာတွေနဲ့ ထောင်နဲ့ချီတဲ့ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်အရပ်သားတွေ ပိတ်မိနေတယ်လို့ ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

အစ္စရေးဟာ နာဆာဆေးရုံနဲ့ တခြားဆေးရုံငယ်နှစ်ခုအပါအဝင် ခန်းယူနစ်မြို့လယ် ရပ်ကွက်တွေကနေ လူတွေ ထွက်ခွာသွားကြဖို့ အမိန့်ထုတ်ထားပါတယ်။ အဲဒီ ဒေသတဝိုက်မှာ ဒေသခံ ၈၈,၀၀၀ လောက်အပြင် တိုက်ပွဲတွေကြောင့် တခြားဒေသက ထွက်ပြေးလာသူ ဒုက္ခသည် ၄၂၅,၀၀၀ ဝန်းကျင် ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရုံးက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာမြို့က ဗလီတလုံးကိုလည်း ဗုဒ္ဓဟူးနေ့က ဒုံးကျည်ထိမှန်ခဲ့ပြီး လူငါးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အဲဒီမှာ ရှိနေတဲ့ အေပီသတင်းထောက်တွေက ပြောပါတယ်။ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို အနီးနားက အဘူ ယူဆွဖ် အယ်လ်-နာဂျာ (Abu Youssef al-Najjar) ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း မျက်မြင်တွေ့ခဲ့တဲ့ အေပီ သတင်းထောက်တွေက ပြောကြောင်း အေပီသတင်းမှာ ဖော်ပြပါတယ်။ အေပီက ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေထဲမှာတော့ အဆောက်အအုံတချို့ လုံးဝ ပြားပြားဝပ် ပြိုကျနေပြီး တချို့ကတော့ တစိတ်တပိုင်း ပြိုပျက်သွားတာတွေ မြင်ရပါတယ်။ တခြားဗီဒီယိုတွေထဲမှာတော့ ဆေးရုံ အတွင်း ဝရုန်းသုန်းကား ဖြစ်နေတဲ့ မြင်ကွင်းတွေ တွေ့ရပါတယ်။

တချိန်တည်းမှာပဲ ဂါဇာကို အခုသီတင်းပတ်အစောပိုင်းက လူကိုယ်တိုင်သွားရောက်ခဲ့တဲ့ ပါလက်စတိုင်း ဒေသ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဂျိမ်းစ် မက်ဂေါ်ဒရစ် (James McGoldrick) က ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၂၄ ရက်) က သတင်းထောက်တွေကိုပြောရာမှာ လက်တွေ့မြေပြင်အခြေအနေက "ဝမ်းနည်းဖွယ်ရာ" အဖြစ် ပြောဆိုပြီး ဂါဇာကလူတွေကြားမှာ မျှော်လင့်ချက်တွေ ဆိတ်သုဥ်းပျောက်ကွယ်နေပြီလို့ ဆိုပါတယ်။

အစ္စရေးတပ်တွေဟာ ဂါဇာကမ်းမြောင်မှာ ဟာမတ်စ်အဖွဲ့ကို ထိုးစစ်ဆင်နေတာက ၃ လ ရှိလာနေချိန်လည်း ဖြစ်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ ဟာမတ်စ်ကို တိုက်ခိုက်ချေမှုန်းရေး စစ်ပွဲဟာ ရန်လိုမှုတွေ ချုပ်ငြိမ်းပြီး အပြီးသတ် အောင်ပွဲနဲ့ပြီးဆုံးမှာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ကပဲ ကြေညာထားပါတယ်။ နေတန်ယာဟုအစိုးရဟာ ဂါဇာမှာ အစ္စရေးစစ်သား သေဆုံးမှုတိုးမြင့်လာတာနဲ့ ဟာမတ်စ်လက်ထဲမှာ အစ္စရေး ဓားစာခံတွေကျန်နေသေးတာကြောင့် ပြည်တွင်းမှာ ဖိအားတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG