သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးမြေပြင်စစ်ပွဲတိုးချဲ့၊ ကုလစိုးရိမ်မကင်းပြောဆို


အစ္စရေးနဲ့ ဂါဇာနယ်စပ် က အစ္စရေးအမြောက်တပ်ဖွဲ့။ (ဒီဇင်ဘာ ၂၇၊ ၂၀၂၃)
အစ္စရေးနဲ့ ဂါဇာနယ်စပ် က အစ္စရေးအမြောက်တပ်ဖွဲ့။ (ဒီဇင်ဘာ ၂၇၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ဒေသမှာ မြေပြင်တိုက်ခိုက်မှုတွေ တိုးချဲ့လုပ်ဆောင်နေတယ်ဆိုပြီး အစ္စရေးဘက်က ထုတ်ဖော်ပြောဆိုအပြီး တရက်အကြာ ဗုဒ္ဓဟူးနေ့မှာ ဂါဇာကို အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဂါဇာအလယ်ပိုင်းက Nuseirat၊ Maghazi နဲ့ Bureij ဒုက္ခသည်စခန်းတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့ကြောင်း ဒေသခံတွေကို ကိုးကားပြီး အေပီသတင်းကဆိုပါတယ်။ တပြိုင်တည်းမှာ မြေပြင်စစ်ဆင်ရေးတွေ ချဲ့ထွင်မှုတွေအတွင်း အရပ်သားတွေ ဘေးကင်းရေး စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်ထဲမှာတော့ ဂါဇာမြောက်ပိုင်းနဲ့ တောင်ပိုင်းက ဆေးရုံတွေကို ထောက်ပံ့ရေးပစ္စည်းတွေကို အန္တရာယ်ကြားက ပေးပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အကူအညီပေးရာ အနီးတဝိုက်မှာ တိုက်ပွဲတွေ၊ လူနာတင်ယာဉ်တွေနဲ့ ဘေးလွတ်ရာကို လာရောက်ခိုလှုံနေကြတဲ့ အရပ်သားတွေ အမြောက်အမြားကို မျက်မြင်တွေ့ခဲ့ရတယ်လို့ WHO က ပြောပါတယ်။

ဂါဇာကမ်းမြောင်အလယ်ပိုင်းအထိ တိုက်ပွဲတွေချဲ့ထွင်လာနေတာကို စိုးရိမ်ကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့တုန်းကလည်း သတိပေးခဲ့ပါသေးတယ်။ ဒီသီတင်းပတ်ထဲမှာ နှစ်ရက်အတွင်း ပါလက်စတိုင်း ၁၀၀ ကျော် သေဆုံးခဲ့ရလို့ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွက် သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။ ဟားမတ်စ်အဖွဲ့ကို ပစ်မှတ်ထားပြီး ဗုဒ္ဓဟူးနေ့က လုပ်ခဲ့တဲ့ မြေပြင်စစ်ဆင်ရေးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဂါဇာစီးတီးအပြင် ဂါဇာမြောက်ပိုင်းတလျှောက် ပါဝင်ပါတယ်။ ဂါဇာကမ်းမြောင်ရဲ့ ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့တောင်ပိုင်းက Khan Younis တဝိုက် ကို အရင်အပတ်တွေကအပြင်းအထန် တိုက်ခိုက်ပြီးနောက်ပိုင်းမှာ အစ္စရေးဘက်က အခုသီတင်းပတ်ထဲမှာ ဒုက္ခသည်စခန်းအများအပြားရှိတဲ့ ဂါဇာအလယ်ပိုင်းကို စစ်ဆင်ရေးတွေ တိုးချဲ့နေတာပါ။

အစ္စရေးက စစ်ဆင်ရေးတွေအရှိန်မြှင့်မယ်လို့ ကြေညာပြီးနောက်မှာ ဂါဇာမှာ အိုးအိမ်စွန့်ခွာပြီး လူတွေပြွတ်သိပ်နေတဲ့ ခိုလှုံရာ စခန်းတွေရောက်နေတဲ့ စစ်ပြေးဒုက္ခသည်တွေဟာလည်း အပြေးအလွှား ဘေးလွတ်ရာ ထပ်မံ ထွက်ပြေးနေကြရပါတယ်။ ဂါဇာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း ကန့်သတ်ထားလို့ အစာရေစာ၊ ရေနဲ့ လောင်စာဆီတွေပြတ်လပ်နေပါတယ်။

“အကြမ်းဖက်အဖွဲ့အစည်းကို ဖြိုခွင်းရာမှာ ဖြတ်လမ်းမရှိဘူး” လို့လည်း အစ္စရေးစစ်တပ် အကြီးအကဲ Herzi Halevi က ဟားမတ်စ်ကို ရည်ညွှန်းပြီး အင်္ဂါနေ့က ပြောခဲ့ပြီး စစ်ပွဲက လပေါင်းများစွာ ဆက်လက်ဖြစ်ပွားနေဦးမယ်လို့ ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG