သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ အစ္စရေးနဲ့ ဟာမတ်စ်အကြား တိုက်ပွဲပြင်းထန်နေ


အစ္စရေးနဲ့ ဟာမတ်စ်စစ်ပွဲအတွင်း ဂါဇာကမ်းမြောင် Khan Younis မြို့ရှိ Nasser ဆေးရုံသို့ ဒဏ်ရာရသူပါလက်စတိုင်းများရောက်ရှိလာစဉ် (ဒီဇင်ဘာ ၁၇၊ ၂၀၂၃)
အစ္စရေးနဲ့ ဟာမတ်စ်စစ်ပွဲအတွင်း ဂါဇာကမ်းမြောင် Khan Younis မြို့ရှိ Nasser ဆေးရုံသို့ ဒဏ်ရာရသူပါလက်စတိုင်းများရောက်ရှိလာစဉ် (ဒီဇင်ဘာ ၁၇၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Khan Younis မှာ အစ္စရေးတပ်ဖွဲ့တွေနဲ့ ဟာမတ်စ် စစ်သွေးကြွတွေကြား ဒီကနေ့ အင်္ဂါနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဂါဇာကမ်းမြောင်ဒေသရှိ ကျန်းမာရေးအရာရှိတွေကလည်း အီဂျစ်နယ်စပ်အနီးမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ ပြောပါတယ်။

ဟာမတ်စ်တွေ ကြီးမှူးတဲ့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနကတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ရာဖာမြို့မှာ အနည်းဆုံး လူ ၂၀ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဂါဇာမှာ တိုက်ပွဲတွေ ခေတ္တရပ်နားပြီးတော့ ပါလက်စတိုင်းအရပ်သားတွေ လိုအပ်နေတဲ့ စားနပ်ရိက္ခာ၊ ရေနဲ့ ဆေးဝါးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပေးနိုင်ဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးပွဲ ကျင်းပနေချိန်မှာပဲ ခုလို တိုက်ပွဲတွေ ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

အစ္စရေးနဲ့ ဟာမတ်စ်စစ်ပွဲအတွင်း ဂါဇာကမ်းမြောင် Khan Younis မြို့ရှိ လေယာဉ်ဗုံးဒဏ်သင့် အဆောက်အဦတခု (ဒီဇင်ဘာ ၁၆၊ ၂၀၂၃)
အစ္စရေးနဲ့ ဟာမတ်စ်စစ်ပွဲအတွင်း ဂါဇာကမ်းမြောင် Khan Younis မြို့ရှိ လေယာဉ်ဗုံးဒဏ်သင့် အဆောက်အဦတခု (ဒီဇင်ဘာ ၁၆၊ ၂၀၂၃)

အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က အစ္စရေးကို မနေ့ကသွားရောက်ခဲ့ပြီး၊ လူဦးရေထူထပ်များပြားတဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အရပ်သားသေဆုံးမှုတွေကို တားဆီးရန် အရေးကြီးကြောင်းနဲ့ အစ္စရေးကို ထောက်ပံ့မယ့် အမေရိကန်ရဲ့ ကတိစကားကို ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဂါဇာမှာ ဟာမတ်စ်လက်အောင်မှာ ကျန်နေသေးတဲ့ ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ကိုလည်း သူက တောင်းဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ အစ္စရေးရဲ့ တုံ့ပြန်မှုကြောင့် ဂါဇာမှာ လူပေါင်း ၁၉,၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဟာမတ်စ်အဖွဲ့ရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး၊ အပျက်အစီးတွေ အောက်မှာ နောက်ထပ် ထောင်ပေါင်းများစွာသော ပါလက်စတိုင်းသားတွေ နစ်မြုပ်နေနိုင်တယ်လို့လည်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNRWA ကလည်း ပဋိပက္ခတွေကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းခန့်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။ အစ္စရေးဘက်ကတော့ မြေပြင် ထိုးစစ်တွေကြောင့် တပ်သား ၁၁၆ ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG