သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် တိုက်ပွဲတွေကြား အရပ်သားတွေ ထိခိုက်ဒဏ်ရာရ


 မင်းပြားမြို့နယ် အတွင်းက မင်းဖူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရပြီး ပျက်စီးခဲ့ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄)
မင်းပြားမြို့နယ် အတွင်းက မင်းဖူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရပြီး ပျက်စီးခဲ့ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄)

စစ်ကောင်စီ ဂျက်တိုက်လေယာဥ်တွေက မင်းပြားမြို့နယ်က မင်းဖူးဆေးရုံနဲ့ သေကန်ကျေးရွာကို ဒီကနေ့ မနက်ပိုင်းက လာရောက်ဗုံးကြဲတာကြောင့် လူပေါင်း ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရသွားပါတယ်။ ရက္ခိုင့်တပ်တော် AA နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာကြောင့် အရပ်သားထိခိုက်သေဆုံးနေသလို၊ လူနေအဆောက်အဦတွေ၊ ဆေးရုံ စာသင်ကျောင်းတွေနဲ့ ဘာသာရေးကျောင်းတွေထိိခုက် ပျက်စီးတာတွေ များလာနေတာပါ။ သတင်းအပြည့်အစုံကိုတော့ ကိုခင်မောင်စိုးမင်းက တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားမြို့နယ် ရာမောင်တံတားအနီး သေကန်ကျေးရွာကို တနင်္လာနေ့ည သန်းခေါင်ကျော် အင်္ဂါနေ့ကူးပြီးချိန်မှာပဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁ဝနဲ့ချီ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သေကန်ကျေးရွာအနီးက ဒေသခံတဦးကပြောပါတယ်။

“ ဒီနေ့ ညဉ့် ၁ နာရီကျော်လောက်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတာ၊ စာသင်ကျောင်းမှာ နှစ်လုံး ကျတယ်၊ ရွာထဲမှာ တလုံးကျတယ်၊ ဒေသခံတွေရော လူပေါင်း ၃ဝလောက်ဒဏ်ရာရတယ်၊ အသေအပျောက်တော့ မရှိဘူး ဒဏ်ရာရတာပဲရှိတယ်၊ ဒဏ်ရာရတဲ့သူတွေထဲမှာ စစ်ဘေးရှောင်တွေ များတယ်။”

စစ်ကောင်စီကြဲချတဲ့ ဗုံးတွေဟာ စစ်ဘေးဒုက္ခသည်တွေနေထိုင်တဲ့ စာသင်ကျောင်းနဲ့ ရွာထဲတွေကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ အဲဒီဒေသခံကပြောပါတယ်။ လေကြောင်းတိုက်ခိုက်နေတာကြောင့် အနီးအနားကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့လည်း သေကန်ကျေးရွာအနီးအနားက ဒေသခံတဦးကပြောပါတယ်။

“ အခုက သက်သက်လာကြဲလာတာ တိုက်ပွဲမရှိဘူး။ ဂျက်လေယာဉ်နဲ့ တမင်လာကြဲတာ၊ ကျနော်တို့ ဒီညနေတော့ တခြားရွာကို သွားပြီးတော့ တိမ်းရှောင်ဖို့ လုပ်နေကြတယ်။”

တချိန်တည်းမှာ စစ်ကောင်စီက မင်းပြားမြို့နယ် အတွင်းက မင်းဖူးကျေးရွာမှာရှိတဲ့ ဆေရုံကို လည်း ဒီကနေ့ မနက် ၁နာကျော်လောက်က လေယာဉ်နဲ့လာရောက် ဗုံးကြဲခဲ့တာ ကြောင့် ဆေးရုံတခုလုံး ပျက်စီးသွားသလို ဆေးကုသခံယူနေတဲ့ လူနာတွေနဲ့ ဆေးရုံဝန်ထမ်းတချို့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်AAရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

ရခိုင်စစ်မြေပြင်မှာ စခန်းတခုခုပြီးတခု လက်လွတ်ဆုံးရှုံးနေတဲ့ စစ်ကောင်စီအနေနဲ့ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေ ဆေးရုံတွေ အဆောက်အဦးတွေကို ဦးတည်တိုက်ခိုက်နေတာကြောင့် ရခိုင်ဒေသခံတွေအနေနဲ့ အတော်စိုးရိမ်နေကြတယ်လို့လည်း မင်းပြားဒေသခံတဦးကပြောပါတယ်။

“ ဒေသခံတွေကတော့ အများကြီး စိုးရိမ်ပူပန်နေကြတယ်ဗျာ အိပ်မပျော်စားမဝင်ဖြစ်နေကြ တယ် သူတို့လေယာဉ်နဲ့လာပြီးတော့ သေကံလို မင်းဖူးလိုပစ်ခံရမှာ ကြောက်လို့ဗျ၊ ဒီတိုက်ပွဲ တွေနဲ့ ပတ်သတ်ပြီးပြောချင်တာကတော့ ဗမာအစိုးရမှာ ကိုယ့်ရဲ့ ပစ်မှတ်ကို မပစ်ဘဲနဲ့ ပြည်သူတွေကို လိုက်ပစ်နေတာကိုတော့ ရပ်တန့်စေချင်ပါတယ်။”

မင်းပြားမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေ အားလုံးနီးပါးကို AAတပ်က သိမ်းပိုက်ထားပြီး ဖြစ်သလို နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ တခုတည်းသော အမှတ်(၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကိုလည်း ရက္ခိုင့်တပ်တော်AAက ထိုးစစ်ဆင် ဆိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်မြောက်ပိုင်းက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော အပါအဝင် ရခိုင်တောင်ပိုင်းက ရမ်းဗြဲမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို AA ကထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG