သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖယ်ခုံအနီးကဆေးရုံကို စစ်ကောင်စီ လေကြောင်းကတိုက်ခိုက်


ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိ ကျေးရွာ ဆေးရုံလေကြောင်းတိုက်ခိုက်ခံရပြီး မြင်တွေ့ရပုံ (မတ် ၂၂၊ ၂၀၂၄)
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိ ကျေးရွာ ဆေးရုံလေကြောင်းတိုက်ခိုက်ခံရပြီး မြင်တွေ့ရပုံ (မတ် ၂၂၊ ၂၀၂၄)

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိ ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားပြည်သူတွေ ဆေးကုသမှုခံယူနေတဲ့ ဆေးရုံကို ဒီမနက် ၁၀ နာရီလောက် စစ်ကောင်စီ လေယာဉ် ၂စင်း လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံဝန်ထမ်းတချို့ သေဆုံးပြီး အရပ်သားတချို့ ပြင်းပြင်း ထန်ထန်ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ခိုက်ခံရပြီးတဲ့နောက် လူနာနဲ့ဆေးဝန်ထမ်းတွေလည်း ဘေးလွတ်ရာကို ပြောင်းရွှေ့လိုက်ရပါတယ်။ မတ်လ ဒုတိယအပတ်က စတင်ပြီးတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်က ဆောင်းပြောင်း ကျေးရွာတဝိုက်မှာတော့ ဒီကနေ့အထိ တိုက်ပွဲ ဆက်ပြင်းထန်နေတာပါ။ ဒီအကြောင်း ပေးပို့ထားတဲ့သတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။

တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ မတ်လ ၂၂ ရက်၊ ဒီကနေ့ မနက်ပိုင်းမှာ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာ ဆေးရုံကို ပေါင် ၅၀၀ ဗုံးနဲ့ ၄ကြိမ် လာရောက်ကြဲချ တိုက်ခိုက်တာကြောင့် ဆေးရုံဝန်ထမ်း အရပ်သားပြည်သူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိပြီး အဲ့ဒီထဲက ၂ ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

လအိကျေးရွာက အရပ်သားပြည်သူတွေ ဆေးကုသမှုခံယူနေတဲ့ ဆေးရုံကို ဒီမနက် ၁၀ နာရီလောက်က စစ်ကောင်စီ လေယာဉ် ၂စင်း နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုး က ဗွီအိုအေကို ပြောပါတယ်။

“ဖယ်ခုံမြို့နယ် လအိကျေးရွာမှာရှိတဲ့ ဆေးရုံတခုကို စစ်ကောင်စီတပ်က ဒီမနက် ၁၀ နာရီမှာ လေယာဉ် ၂ စင်းနဲ့ လေယာဉ်လာရောက်ပြီးတော့ ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပါတယ်။ ယောကျာ်းလေး ၂ ဦးပေါ့နော် လူငယ်အပိုင်းပဲ၊ ဆေးရုံထဲမှာရှိတဲ့ လူငယ် ၂ ဦး ထိခိုက်သေဆုံးခဲ့ရပါတယ်ပေါ့။ လအိဘက်မှာတော့ ဘာတိုက်ပွဲမှ မရှိဘူးဗျ။ လအိနဲ့ တိုက်ပွဲဖြစ်တဲ့နေရာနဲ့က မိုင် ၃၀ ၄၀ လောက်ဝေးပါတယ်ပေါ့နော်။ စစ်ကောင်စီဖက်က ဒါပြည်သူလူထုတွေ ဆေးကုသမှု ခံယူနေတဲ့ ဆေးရုံကို လာပြီးတော့ ဗုံးကြဲတိုက်ခိုက်တာပဲ ဖြစ်တယ်ပေါ့နော်။”

ဒီဆေးရုံဟာ စစ်ရှောင်နဲ့ ဒေသခံတွေကို ဆေးကုသမှုလုပ်ပေးနေတဲ့ ဆေးရုံဖြစ်ပါတယ်။ ဆေးရုံ တိုက်ခိုက်ခံရပြီးတဲ့နောက် လူနာတွေ ဆေးရုံဝန်ထမ်းတွေ ဆေးပစ္စည်းတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့လိုက်ရတယ်လို့ ဆိုပါတယ်။

ဗွီအိုအေက လက်ခံရရှိထားတဲ့ ဓာတ်ပုံတွေအရ ဆေးရုံအဆောက်အဦးရဲ့ သွပ်မိုးတွေ၊ အုတ်နံရံနဲ့ ဆေးရုံပြူးတင်ပေါက်တွေ လုံးဝပျက်စီးနေတာ တွေ့ရသလို ဆေးရုံရှေ့မှာ ရပ်ထားတဲ့ ကားတစ်စီးလည်း ပျက်စီးနေတာတွေ့ရပါတယ်။

တိုက်ပွဲနဲ့ ပတ်သက်တာမရှိဘဲ အရပ်သားပြည်သူတွေ ဆေးကုသမှုခံယူနေတဲ့ ဆေးရုံဆေးခန်းတွေကို လေကြောင်းအသုံးပြု ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။

“ဆေးရုံအတွင်းမှာတော့ ဆေးကုသမှုခံယူနေတဲ့ လူနာတွေရောပေါ့နော်၊ ဆေးရုံဝန်ထမ်း အကုန်လုံးပေါ့နော် ပြောင်းရွှေ့သွားပါပြီးပေါ့နော်။ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်အပြီးမှာပေါ့နော် အကုန်လုံးရှောင်ပြီးတော့ ဘေးလွတ်ရာကို ရှောင်နိုင်ခဲ့ပါတယ်။”

လအိကျေးရွာနဲ့နီးတဲ့ ဒေသခံတဦးက ဒီကနေ့ မနက်အစောပိုင်းကတည်းက လက်နက်ကြီးနဲ့ လေယာဉ်ပစ်ခတ်သံတွေကြားရပေမယ့် စစ်ဖြစ်တဲ့ ဒေသတွေမှာ သွားလာရေးမလုံခြုံတာကြောင့် အခြေအနေ သွားမကြည့်နိုင်ဘူးလို့ ခုလို ပြောပါတယ်။

“ဒီမနက် လက်နက်ကြီးသံနဲ့ လေယာဉ်ပေါ့နော် အခုပဲ နည်းနည်းငြိမ်သွားတယ်။ (ဆေးရုံပျက်စီးတာ) ဖြစ်နိုင်ချေတော့ များတာပေါ့နော်၊ ဘာဖြစ်လဲ ဆက်တိုက်ပစ်နေတယ်လေ။ အဲ့ဒါ ကျမတို့ အဆက်က အဲ့ကလူလည်း အဆက်အသွယ်မရှိခါကျတော့ ကျမတို့အတိအကျတော့ မပြောနိုင်ဘူးပေါ့နော်။ ဒါပေမယ့် အဲ့ဖက်တကျောမှာ တောက်လျှောက်ကြားနေရတဲ့အခါကျတော့ ဆေးရုံဆေးခန်းပျက်ရင်လည်း ပျက်နိုင်တာပေါ့နော်။ အိမ်တွေက ဘယ်လောက်ပျက်လဲ ဆေးရုံဆေးခန်း ဘယ်လောက်ပျက် အဲ့ဒါတော့ ကျမအတိအကျမသိဘူးပေါ့။ အဲ့နေရာတဝိုက်မှာ ဖုန်းလိုင်းလည်း မရှိခါကျတော့ ဆက်သွယ်လို့လည်း မရဘူး။ သွားလာလို့လည်း မရ သတင်းတွေ့က အတိအကျတော့ ယူလို့မရဘူးပေါ့။”

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုန့်ပြန်ချက်ရရှိဖို့ ရှမ်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ စက်ပိတ်ထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလ ၂၅ ရက် ဆောင်းဖွေး ကျေးရွာမှာရှိတဲ့ ကိုယ်ထူကိုယ်ထ ဆေးပေးခန်းကို စစ်ကောင်စီက လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုရှိခဲ့ပါတယ်။

ဖယ်ခုံမှာ တိုက်ပွဲဖြစ်တာမရှိပေမဲ့လည်း အနီးအနား ဒေသတွေမှာ ပြီးခဲ့တဲ့ မတ်လ ဒုတိယပတ်က စတင်ပြီး ခုချိန်ထိ ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပါတယ်။ နှစ်ဖက်တွေ့ထိမှု တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ ရဟက်ယာဉ် အသုံးပြုပြီး စစ်ကောင်စီက ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတာလို့ KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။

“ဒီဖယ်ခုံရယ်၊ ပင်လောင်းမြို့နယ် နယ်စပ် ဒီ ဆောင်းပြောင်း နဲ့ အနီးတဝိုက်မှာတော့ အပြန်အလှန် ပစ်ခတ်မှုတွေကတော့ ခုချိန်ထိ ဖြစ်ပွားနေတုန်းပါပဲ။ ဆောင်းပြောင်းမှာက တိုက်ပွဲက နေ့တိုင်းလိုလိုဖြစ်ပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေ စစ်ကောင်စီဖက်က ဒါ လေကြောင်း တိုက်ခိုက်မှုတွေပေါ့နော်၊ ရဟက်ယာဉ်တွေနဲ့လည်း လာရောက်ပစ်ခတ်တာမျိုးရှိတယ်။ နောက်ပြီးတော့ ဒီဂျက်ဖိုက်တာတွေနဲ့ ဒါ လာရောက်ပစ်ခတ် တိုက်ခိုက်တာမျိုးတွေ ရှိပါတယ်။”

ဆောင်းပြောင်းဒေသဘက်ကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်း အဖွဲ့က ထိုးစစ်ဆင်နေတာကြောင့် မတ်လ ဒုတိယအပတ်က စတင်ပြီး တိုက်ပွဲပြင်းထန်နေတာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဗွီအိုအေကို ပြောထားပါတယ်။ တိုက်ပွဲကြောင့် ဆောင်းပြောင်းရွာ တောင်မဲသင်းရွာ စတဲ့ ကျေးရွာအများစုက ထောင်နဲ့ ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG