သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားဆောင်းတိုက်ပွဲ စစ်ကောင်စီလေကြောင်းသုံးတိုက်ခိုက်


ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများရဲ့ ယခင်မှတ်တမ်းရုပ်ပုံ။ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)
ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများရဲ့ ယခင်မှတ်တမ်းရုပ်ပုံ။ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

ကယား ဒေသအခေါ် ကရင်နီပြည်နယ် ဖားဆောင်းမြို့မှာ ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်လာတာ အခုဆို ၁၀ ရက်ကျော် ရှိလာပါပြီ။ စစ်ကောင်စီတပ်ဟာ စစ်ရေးအရဗျူဟာကျတဲ့ စခန်းကုန်းတခုကနေ ဆုတ်ခွာသွားပြီလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ရဲ့ ဗဟိုပြန်ကြားရေး တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။ ဖားဆောင်းမြို့ တိုက်ပွဲသတင်းပေးပို့ချက်ကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

ဖားဆောင်းမြို့မှာ ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား ဖေဖော်ဝါရီ ၂၉ က စတင်ပြီး တိုက်ပွဲ ပြင်းထန်နေတာ အခုဆိုရင် ၁၀ ရက်ကျော် ရှိလာပါပြီ။ စစ်ကောင်စီတပ်တွေဟာ စစ်ရေးအရ ဗျူဟာကျတဲ့ ဖားဆောင်းမြို့အစွန် ဘုရားစေတီကုန်းစခန်းကနေ ဆုတ်ခွာသွားပြီလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ရဲ့ ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။

“ဖားဆောင်းမြို့ထဲမှာတော့ အခုချိန်ထိ ထိတွေ့တိုက်ပွဲတွေက ရှိနေတုန်းပဲပေါ့နော်။ လောလောဆယ်မှာ စစ်ကောင်စီတပ်ရဲ့ မြို့ထဲမှာ ဖြန့်ထားတဲ့လှုပ်ရှားတပ်တွေ သူတို့ရဲ့ ဒီမြို့ရဲ့ စေတီကုန်းကကုန်းစခန်းကနေ ပြန်ဆုတ်ပြီးတော့ သူတို့ အခြေစိုက်တပ်ရင်းတွေဘက်ကို ပြန်ပြီးတော့ ဆုတ်ခွာသွားတဲ့အခြေအနေမျိုးဖြစ်သွားပါပြီ။ စစ်ကောင်စီတပ်ဘက်က မြို့ထဲကိုတော့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ အဆမတန်လုပ်နေတာတော့ ရှိပါတယ်။”

ဒီ ၁၀ ရက်ကျော်ကြာ တိုက်ပွဲအတွင်းမှာ နှစ်ဘက် ထိခိုက်သေဆုံးတာ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘယ်လောက် အထိအခိုက်ရှိတယ်ဆိုတဲ့ စာရင်းအသေးစိတ်ကိုတော့ ပြောမသွားပါဘူး။ မြန်မာစစ်ကောင်စီဘက်ကလည်း ဖားဆောင်းတိုက်ပွဲနဲ့ပတ်သက်လို့ တစုံတရာထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။ ဖားဆောင်းမြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်းက အရပ်သားတချို့ကို ဖမ်းဆီးထားတယ်လို့လည်း KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။

“ဖားဆောင်းအခြေစိုက် ၁၃၅ တပ်ထဲမှာပေါ့နော်၊ ပြည်သူတချို့ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်နဲ့ ဖမ်းဆီးခေါ်ဆောင်ထားတာမျိုးရှိတယ်လို့ ပြောပါတယ်။ ပြည်သူတွေရဲ့ အရေအတွက် ဦးရေကိုတော့ ကျနော်တို့ အတိအကျမသိသေးဘူး။ ဒါပေမယ့် တပ်ထဲမှာ ပြည်သူတွေကို လူသားဒိုင်းအဖြစ်နဲ့ ဖမ်းဆီးခေါ်ဆောင်ထားတာ ရှိတယ်လို့ ကျနော်တို့ ရှေ့တန်းမြေပြင်သတင်းပေးပို့ချက်အရ သိရပါတယ်ခင်ဗျ။”

ခလရ ၁၃၅ တပ်ရင်းက အရပ်သားပြည်သူတချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားတာနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်ခြားနိုင်သေးပါဘူး။ ကယားပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ စက်ပိတ်ထားပါတယ်။

ဖားဆောင်းမြို့မှာဆိုရင် အိမ်ခြေ ၃၀၀ လောက်ရှိပြီး လူဦးရေ ၃,၀၀၀ လောက် နေထိုင်ကြတာပါ။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲက ဖားဆောင်းမြို့နယ်နဲ့ မယ်စဲ့မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားလို့ အများစုက တိမ်းရှောက်နေကြရပြီး မြို့ထဲမှာ လူ ၁,၀၀၀ ဝန်းကျင်သာ ကျန်ရှိတယ်လို့သိရပါတယ်။ ခုတခါ မြို့ထဲမှာပါ တိုက်ပွဲဖြစ်ပွားလို့ ကျန်အရပ်သားတွေပါ ထပ်မံတိမ်းရှောင်နေကြတယ်လို့ ကရင်နီ လူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ပြောထားပါတယ်။ လက်ရှိတော့ မြို့ထဲမှာ လူရာဂဏန်းလောက် ပိတ်မိနေပြီး တိုက်ပွဲတွေကြား ပိတ်မိနေသူတွေကို အသက်အန္တရာယ် စိုးရိမ်မိတယ်လို့ ကိုဗညားက ပြောပါတယ်။

“လူထုတွေအတွက်က စိုးရိမ်မှုက ရှိတယ်ပေါ့နော်၊ ပူပန်မှုရှိတယ်။ အထူးသဖြင့်က စစ်ပွဲ ဒီတိုက်ပွဲအတွင်းမှာ ပိတ်မိနေရင်တော့ ကျနော်တို့ အသက်အန္တရာယ်စိုးရိမ်ရတယ်။ နောက်တချို့လည်း ထွက်ပြေးလာတဲ့အချိန်မှာ စားနပ်ရိက္ခာတွေ၊ အဝတ်အထည်တွေ မပါတာတွေ အများကြီးရှိတယ်ပေါ့နော်။ နောက်တချို့ဒဏ်ရာရတယ် အဲ့ဒီအတွက်လည်း သူတို့အတွက်စိုးရိမ်မိတယ်ပေါ့နော်။”

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တွေလုပ်ခဲ့တယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။ စစ်ကောင်စီ လေကြောင်းက်ခိုက်မှုကြောင့် မတ်လ ၆ ရက်နေ့အထိ အရပ်သား ၅ ဦးသေဆုံး၊ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းတွေ နေအိမ်တွေ ၁၂၀ လောက် မီးလောင်တာ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG