သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်တက္ကသိုလ် ပါချုပ်နဲ့ ၅ ဦးကို မတရားအသင်းပုဒ်မနဲ့ ကရင်နီအစိုးရ ပြစ်ဒဏ်ချမှတ်


ပါမောက္ခချုပ် ဦးအောင်ခင်မြင့်ကို KNDF မှ မေးမြန်းထားသည့် ဗီဒီယိုမှတ်တမ်း (ဓာတ်ပုံ - KNDF)
ပါမောက္ခချုပ် ဦးအောင်ခင်မြင့်ကို KNDF မှ မေးမြန်းထားသည့် ဗီဒီယိုမှတ်တမ်း (ဓာတ်ပုံ - KNDF)

ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်နဲ့ ဒုပါမောက္ခချုပ် အပါအဝင် ၅ဦးကို မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ် ၂နှစ်နဲ့ ငွေဒဏ် ကိုးသိန်း ချမှတ်လိုက်တဲ့အကြောင်း ကရင်နီပြည်နယ် တရားသူကြီးချုပ် ခူးပိုးရယ်က ဗွီအိုအေကို ဒီကနေ့ ပြောပါတယ်။ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းနဲ့ မိသားစုဝင် စုစုပေါင်း ၂၀၄ ဦးကို KNDF နဲ့ PDF တို့က ဖမ်းဆီးခဲ့တာမှာ ၁၉၃ ဦးကို ပြန်လွတ်ပေးပြီး ကျန်ရှိနေတဲ့ ၁၁ ဦးထဲက အခု ၅ ဦးအပေါ် ပြစ်ဒဏ် စီရင်ချက် ချလိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး မအင်ကြင်းနိုင်က တင်ပြပေးပါမယ်။

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည် လွိုင်ကော်တက္ကသိုလ်က ပါမောက္ခချုပ် ၊ ဒုပါမောက္ခချုပ် အပါအဝင် ၅ဦးကို မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ် ၂ နှစ်၊ ငွေဒဏ် ကိုးသိန်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ချမှတ်လိုက်တဲ့အကြောင်း ကရင်နီပြည်နယ် ပြည်နယ် တရားသူကြီးချုပ် ခူးပိုးရယ်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“လွိုင်ကော်တက္ကသိုလ်က ပါမောက္ခချုပ် အပါအဝင်ပေါ့နော်၊ ၅ဦးကို ကျနော်တို့က ဒီတရားလိုလုပ်တဲ့သူက မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇/၁ အရ တရားစွဲဆိုလာတာပေါ့နော်။ ကျနော်တို့ တရားသူကြီးဘက် တရားရုံးအဖွဲ့က အဲ့ဒီအမှုကို လက်ခံစစ်ဆေးပြီးတော့မှ အမှု ရုံးချိန်းပေါ့နော်၊ ဒီစစ်ဆေးပေါ်ပေါက်ချက်အရ၊ နောက် ကံယကံရှင်တွေရဲ့ ဝန်ခံ ထွက်ဆိုချက်တွေကြောင့် ကျနော်တို့က ထောင်ဒဏ် နှစ်နှစ်နဲ့ ငွေဒဏ် ကိုးသိန်းစီ ချခံစေဖို့ ကျနော်တို့ တရားရုံးကနေပြီးတော့မှ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်ပေါ့။”

ပါမောက္ခချုပ် ဦးအောင်ခင်မြင့် ၊ ဒုပါမောက္ခချုပ် ဒေါ်သီတာ အပါအဝင် ၅ဦးကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကိုယ်စား ကရင်နီပြည်ရဲဌာနက တရားလိုပြုလုပ်ပြီး အမှုဖွင့် တရားစွဲဆိုခဲ့တာလို့ ဆိုပါတယ်။

အမှုရဲ့ စစ်ဆေးပေါ်ပေါက်ချက်နဲ့ တရားစွဲဆိုခံရသူတွေရဲ့ ထွက်ဆိုချက်အရ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ထောင်ဒဏ်နဲ့ ငွေဒဏ် အပြီးသတ် အမိန့်ချမှတ်ခဲ့တယ်လို့ တရားသူကြီးချုပ် ခူးပိုးရယ်က ဗွီအိုအေကို ပြောပါတယ်။ ဘယ်လို ပြစ်မှုမျိုးတွေ့ရှိတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ရှင်းလင်း ပြောဆိုခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ လွိုင်ကော်မှာ တိုက်ပွဲပြင်းထန်ကတည်းက လွိုင်ကော်တက္ကသိုလ်အတွင်း Non-CDM နဲ့ မိသားစုဝင် စုစုပေါင်း ၂၀၄ ဦး ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဘေးလွတ်ရာကို ခေါ်ထုတ် ရွှေ့ပြောင်းပေးခဲ့ပြီး ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ထိန်းသိမ်း စောင့်ရှောက်ထားပါတယ်။

လွိုင်ကော်တက္ကသိုလ် ဝန်ထမ်းနဲ့ မိသားစုဝင် ၁၉၃ ဦးကို IEC က နယ်နှင်ဒဏ်ပေးစဉ်က ထုတ်ပြန်ခဲ့သည့်မှတ်တမ်းပုံ (နိုဝင်ဘာ ၂၀၂၃)
လွိုင်ကော်တက္ကသိုလ် ဝန်ထမ်းနဲ့ မိသားစုဝင် ၁၉၃ ဦးကို IEC က နယ်နှင်ဒဏ်ပေးစဉ်က ထုတ်ပြန်ခဲ့သည့်မှတ်တမ်းပုံ (နိုဝင်ဘာ ၂၀၂၃)

စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်မှုမရှိတဲ့ Non-CDM နဲ့ မိသားစုဝင် စုစုပေါင်း ၁၉၃ ဦးကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ နယ်နှင်ဒဏ်ပေးခဲ့ပါတယ်။ ပြန်လွတ်ပေးလိုက်တဲ့အထဲက ကရင်နီ ဒေသခံဖြစ်တဲ့သူတွေ အနေနဲ့ ခံဝန်ကတိနဲ့ သူတို့ မြို့နယ်မှာ ပြန်ထိုင်ခွင့်ပေးတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး(၂) ကိုဗညားက ဗွီအိုအေကို ခုလို ပြောပါတယ်။

“အမှုစွဲတင်ပြီးတော့ အမှုဖွင့်လှစ်တဲ့အချိန်မှာ မြို့နယ်တရားရုံးကနေ စီရင်ချက်ချတာပေါ့နော်။ ဒီပြည်နှင်ဒဏ်တွေ ခံဝန်ကဝတ်တွေ ထိုးကြတယ်။ တချို့ကလည်း အခြားနယ်ကလူဆို အခြားနယ်ကို ပြန်တယ်။ တချို့ကလည်း ကျနော်တို့ ပြည်နယ်ကလူဆိုရင် ခံဝန်ကတိနဲ့ပဲ ထိုးပြီးတော့ ပြည်နယ်မှာ ဆက်နေတာ ရှိပါတယ်ပေါ့နော်။”

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီ သတင်းပြန်ကြားရေးဘက်က တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG