မြန်မာနဲ့ ကမ္ဘာတဝန်းက ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ သန်း ၁၂၀ ရှိ (UNHCR)

တနင်္သာရီတိုင်းအတွင်းက စစ်ဘေးရှောင်များ (ဓာတ်ပုံ​- လူသားစာနာအဖွဲ့)

မြန်မာနိုင်ငံ၊ ဆူဒန်နိုင်ငံနဲ့ ဂါဇာကမ်းမြောင်ဒေသတို့မှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ကမ္ဘာတဝန်း အိုးအိမ်ပစ်ထွက်ပြေးရသူအရေအတွက်ဟာ ၂၀၂၄ ခုနှစ် မေလကုန်ချိန်မှာ သန်း ၁၂၀ အထိတိုးလာခဲ့တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ UNHCR ကပြောကြားလိုက်ပါတယ်။

အသစ်ဖြစ်ပွားတဲ့ စစ်ပွဲတွေ၊ အသွင်ပြောင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ဟိုးအရင်ထဲကရှိနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ပျက်ကွက်တာတွေကြောင့် ဒုက္ခသည်အရေအတွက် ၁၂ နှစ် ဆက်တိုက် မြင့်တက်နေတာဖြစ်တယ်လို့ UNHCR ရဲ့ ၂၀၂၄ ခုနှစ်အတွက် ဒုက္ခသည်ဆိုင်ရာ Global Trends အစီရင်ခံစာမှာ မီးမောင်းထိုးပြထားပါတယ်။ များလာတဲ့ ဒုက္ခသည်အရေအတွက်က ဂျပန်နိုင်ငံလောက်အရွယ်အစားရှိတဲ့ နိုင်ငံတခုလောက်ဖြစ်နေပြီလို့ ဥပမာပေးထားပါတယ်။

မြန်မာနိုင်ငံနဲ့ Congo ဒီမိုကရက်တစ်သမ္မတနိုင်ငံတို့မှာ တိုက်ပွဲတွေကြောင့် သန်းနဲ့ချီ စစ်ပြေးဒုက္ခသည်တွေဖြစ်နေရတယ်ဆိုတာကိုလည်း အစီရင်ခံစာမှာ ပြောထားပါတယ်။ ၂၀၂၄ ခုနှစ် အစီရင်ခံစာအရ ဒုက္ခသည်အရေအတွက် သိသိသာသာ တိုးတာခဲ့တာက ဆူဒန်နိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခကြောင့်ဖြစ်ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ အိုးအိမ်စွန့် ထွက်ပြေးရသူ ၁၀.၈ သန်းရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ပြောထားပါတယ်။ ဂါဇာဒေသမှာလည်း လူဦးရေ ၇၅% လောက်ဖြစ်တဲ့ ပါလက်စတိုင်း ၁.၇ သန်း ပြီးခဲ့တဲ့နှစ်ထဲမှာ အိုးအိမ်မဲ့ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း အိုးအိမ်စွန့်ခွာထွက်ပေးရတဲ့ပြည်တွင်း ဒုက္ခသည် ၂၀၂၃ နှစ်အတွင်း ၁.၃ သန်းကျော် ရှိခဲ့တယ်လို့ UNHCR ကပြောပါတယ်။ အခုလိုပြောနေတဲ့ ကိန်းဂဏန်းတွေရဲ့ နောက်ကွယ်မှာ မရေတွက်နိုင်တဲ့ ဝမ်းနည်းစရာအဖြစ်တွေရှိနေပြီး မဖြစ်မနေ အိုးပစ် အိမ်ပစ် ထွက်ပြေးနေကြရတဲ့ အခြေအနေတွေရဲ့ ဇစ်မြစ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အရေးပေါ် ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖြေရှင်းပေးပါလို့ UNHCR အကြီးအကဲ Filippo Grandi ကတိုက်တွန်းပါတယ်။

Your browser doesn’t support HTML5

မြန်မာနဲ့ ကမ္ဘာတဝန်းက ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ သန်း ၁၂၀ ရှိ (UNHCR)