မြန်မာနိုင်ငံ ပဋိပက္ခတွေမှာ စစ်ရာဇဝတ်မှု ကျုးလွန်မှု IIMM အစီရင်ခံစာထုတ်ပြန်

အရေးပေါ်ကာလ သက်တမ်းတိုးခဲ့တဲ့ စစ်ကောင်စီ ကာလုံအစည်းအဝေး (ဇူလိုင် ၃၁၊ ၂၀၂၄)

မြန်မာစစ်တပ်ဟာ စနစ်တကျ ညှဉ်းပန်းနှိပ်စက်တာ၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာနဲ့ ကလေးငယ်တွေကို နှိပ်စက်တာ စတာတွေအပါအဝင် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM က ဒီကနေ့ ဩဂုတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် လွန်ခဲ့တဲ့ ၆ လအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၃ သန်းကျော်အထိ ရှိလာနေပြီလို့လည်း IIMM ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။​

မြန်မာစစ်တပ်ရဲ့ ကြောက်မက်ဖွယ် အကြမ်းဖက် ရက်စက်မှုတွေနဲ့ပတ်သက်လို့ အထောက်အထား အများအပြားကို သူတို့အနေနဲ့ စုဆောင်း ရရှိထားပြီးဖြစ်ကြောင်း၊ ကျူးလွန်မှုအများအပြားဟာ အရပ်သား ပြည်သူတွေအကြား အကြောက်တရားဝင်လာအောင် တမင် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း IIMM အဖွဲ့အကြီးအကဲ Nicholas Koumjian က ပြောပါတယ်။

ထောင်နဲ့ချီတဲ့ပြည်သူတွေ ဖမ်းဆီးခံခဲ့ရတာမှာ အဲဒီထဲက အများအပြားဟာ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ ဒါမှမဟုတ် အကျဉ်းကျနေစဉ်အတွင်း သေဆုံးခဲ့တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁ ရက်ကနေ အခုနှစ် ဇွန် ၃၀ ရက်နေ့အထိ တနှစ်တာကာလအတွင်း စုဆောင်းထားတဲ့ အထောက်အထားတွေအရ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေ အရှိန်မြင့်ဖြစ်ပေါ်လာနေတာမှာ အကြမ်းဖက်မှုတွေဟာ အကြိမ်ရေပိုများပြီး ပိုမို ဆိုးရွားလာနေတာကို တွေ့ရကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် AA တို့ ၂ ဘက်စလုံးက ရခိုင်ပြည်နယ် အနောက်ပိုင်းဒေသတွေမှာ ဥပဒေမဲ့ သတ်ဖြတ်မှုတွေနဲ့ နေအိမ်တွေကို မီးရှို့မှုတွေ ကျူးလွန်နေကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကလည်း ကြေညာချက် ထုတ်ပြန်ပါတယ်။​ မြန်မာစစ်ကောင်စီက ရိုဟင်ဂျာတွေကို တပ်သားသစ်အဖြစ် စုဆောင်း အသုံးပြုနေတဲ့ကိစ္စကလည်း ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်နဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေအကြား လူမျိုးရေး တင်းမာမှုတွေ ဖြစ်ပေါ်စေတယ်လို့ HRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံ ပဋိပက္ခတွေမှာ စစ်ရာဇဝတ်မှု ကျုးလွန်မှု IIMM အစီရင်ခံစာထုတ်ပြန်