သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ထောက်ခံပွဲတွေအပေါ် အကဲခတ်တွေ ဝေဖန်


ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ တပ်မတော်ထောက်ခံသူတွေ စုဝေးပြီး MNDAA ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်နေစဉ် (ဩဂုတ် ၃၊ ၂၀၂၄)
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ တပ်မတော်ထောက်ခံသူတွေ စုဝေးပြီး MNDAA ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်နေစဉ် (ဩဂုတ် ၃၊ ၂၀၂၄)

တိုင်းရင်းသား လက်နက်ကိုင်တွေကို ဆန့်ကျင်ပြီး၊ စစ်ကောင်စီကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ နေပြည်တော်နဲ့ ရန်ကုန်မှာ ပေါ်ပေါက်ခဲ့တဲ့အပေါ် အကဲခတ်တွေက ဝေဖန်လိုက်ကြပါတယ်။ နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ အရေးနိမ့်လာချိန် စစ်ကောင်စီအကြီးအကဲက မိန့်ခွန်းပြောရာမှာ အတိုက်အခံ လက်နက်ကိုင် အင်အားစုတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြောဆိုခဲ့အပြီး ထွက်ပေါ်လာတဲ့ လှုပ်ရှားမှုတွေဟာ အကျိုးမရှိနိုင်ဘူးလို့လည်း ပြောကြပါတယ်။ မနေ့တုန်းက စစ်ကောင်စီထောက်ခံတဲ့ လှုပ်ရှားမှုတွေအပေါ် မြန်မာ့အရေး သုံးသပ်သူတွေ အမြင်ကို စုစည်းပြီး ရန်ကုန်က သတင်းပေးပို့ထားတာကို တင်ပြထားပါတယ်။

ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပတ်သက်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်က ဩဂုတ်လ ၅ ရက်နေ့က ၂၅ မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့တာပါ။ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို အကြမ်းဖက်ကျူးလွန်သူ၊ သောင်းကျန်းသူတွေအဖြစ် မိန့်ခွန်းမှာ သုံးနှုန်းခဲ့ပါတယ်။ စစ်ခေါင်းဆောင်မိန့်ခွန်း ထုတ်လွှင့်ပြီး နောက်တနေ့မှာပဲ ရန်ကုန်မြို့နဲ့ နေပြည်တော်မှာ တပ်မတော်ထောက်ခံသူတွေ စုဝေးပြီး MNDAA ကန့်ကွက်ရှုတ်ချပွဲ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက MNDAA ကို အရပ်သားပြည်သူ ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားသလို၊ အမည်ခံ ကိုးကန့်သောင်းကျန်းသူတွေလို့လည်း သုံးနှုန်းထားပါတယ်။ အခုလို အခြေအနေတွေ ဖြစ်လာတဲ့အပေါ်မှာ စစ်ခေါင်းဆောင်နဲ့ တရုတ်ရဲ့ ဆက်ဆံရေးဟာ ပိုပြီးတင်းမာလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ထားပါတယ်။

"မိန့်ခွန်းပြောပြီးတဲ့ တချိန်ထဲမှာပဲ MNDAA လို့ ခေါင်းစီးတပ်ပေမယ့် တကယ်ကတော့ တရုတ်ကိုပြန်ပြီးတော့ Counterchallenge လုပ်တဲ့သဘောလို့ ကျနော်တော့ ယူဆတယ်။ တရုတ်ကို မင်းပြောတဲ့အတိုင်း ငါလုပ်ချင်မှလုပ်မယ်၊ မလုပ်နိုင်ဘူး။ ဒါပေမဲ့ မင်းတပည့်တွေကိုတော့ ငါပြန်တိုက်မယ်ဆိုတဲ့ သဘောမျိုးနဲ့ ဒီနေ့ဖော်ပြချက်တွေကို ဖော်ပြလာတယ်လို့ ယူဆပါတယ်။ ဒါကြောင့် ချုံ့ပြောရလို့ရှိရင် တရုတ်နဲ့ မင်းအောင်လှိုင်ကြား ကွာဟချက်က ပိုပြီးတော့ ကြီးသွားပါလိမ့်မယ်။ အဲဒီကြီးသွားတဲ့အတွက် တရုတ်ကလည်း ပြည်တွင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေမှာ သူ့ရဲ့ UWSA အဖွဲ့ဝင်တွေကတဆင့် Proxy war တရပ်ကို ဆက်ပြီးတော့ ဖန်တီးလိမ့်မယ်။ စစ်ရေးအရ မင်းအောင်လှိုင်ကို ဖိအားပေးလိမ့်မယ်လို့ ကျနော်ကတော့ ယူဆပါတယ်။"

စစ်ခေါင်းဆောင်အနေနဲ့ စစ်ပွဲဆက်တိုက်ဖို့ ဆုံးဖြတ်ထားသလို၊ တရုတ်ဘက်ကလည်း စစ်ခေါင်းဆောင်မပါတဲ့ စစ်တပ်နဲ့ အရပ်ဘက်ခေါင်းဆောင်တွေ ပါဝင်တဲ့ အစိုးရတရပ်ကို လိုလားနေပုံရတယ်လို့ မှတ်ချက်ပေးပါတယ်။

"ဟိုက်ဂင်အစည်းအဝေးကိုလည်း စစ်ကိုယ်စားလှယ်တွေကို မင်းအောင်လှိုင်က မလွှတ်ပါဘူး။ ဟိုက်ဂင်အစည်းအဝေးလည်း လတ်တလောတော့ ဖြစ်စရာအကြောင်း သိပ်မရှိသေးပါဘူး။ စစ်ပွဲတွေပိုပြီး ပြင်းထန်လာမယ့် သဘောပါပဲ။ မန္တလေးကလည်း ထွက်နိုင်တဲ့သူကတော့ ထွက်တာပေါ့။ အများစုက မထွက်ကြပါဘူး။ အဲဒီအများစု ကျန်နေတဲ့ ပြည်သူတွေကလည်း MNDAA ဝင်ရောက်ပြီးတော့ မန္တလေး PDF တွေနဲ့ မြို့သိမ်းတာကို ကြိုဆိုဖို့အတွက် အသင့်ပြင်ဆင်နေတဲ့ သဘောလို့ ပေါက်မိပါတယ်။"

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို MNDAA ကိုးကန့်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်ကြောင်း ကြေညာခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြောကြားတဲ့ မိန့်ခွန်းလည်း ဖြစ်ပါတယ်။ မိန့်ခွန်းထဲမှာ မြန်မာ - တရုတ်နဲ့ နယ်စပ်တွေက တိုင်းရင်းသားနယ်မြေ အချို့မှာ စစ်သင်တန်းပေးတာတွေနဲ့ လက်နက် စက်ရုံတွေထူထောင်ထားပြီး အဲဒီကနေ လက်နက်ခဲယမ်းမီးကျောက်နဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ ထုတ်နေတာလို့လည်း ပြောဆိုခဲ့ပါတယ်။ မိန့်ခွန့်အပြီး ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲနဲ့ပတ်သက်လို့ ရှေ့နေဦးကြီးမြင့်ကလည်း အခုလို သုံးသပ်ထားပါတယ်။

"ဒီနွေဦးတော်လှန်ရေးက ရှင်းရှင်းပြောရရင် ဒီစစ်တပ်ကို အားချင်းကမယှဉ်နိုင်ဘူး။ လူထုမှာလည်း လက်နက်မရှိဘူးလေ။ လက်နက်မဲ့လူထုကြီးက ထလုပ်ရတဲ့အခါကျတော့ PDF တွေက စစ်ကိုင်းမှာဆို အကြီးအကျယ် ခံရတာပဲလေ။ ဒီပုံစံအတိုင်းသွားမယ်ဆိုရင် နွေဦးတော်လှန်ရေးက ၉နှစ်၊ ၁၀နှစ်လောက် ကြာတဲ့အပြင် နောက်ဆုံးမှာ ရှုံးတောင်သွားနိုင်တယ်။ အဲဒီအချိန်မှာ မြောက်ပိုင်းညီနောင်က ထပြီးတိုက်လိုက်တာ လူထုကကြွတက်လာပြီးတော့ နွေဦးတော်လှန်ရေးက အဲကျတော့မှ တခါထဲ အရောင်ဆိုးလိုက်သလို ဖြစ်သွားပြီးတော့ အခုကျ တပြည်လုံးက ငါတို့နိုင်ရမယ် ဖြစ်ကုန်တယ်။ တရုတ်ရဲ့ကျေးဇူးကြောင့် တရုတ်ကလည်း ကျားဖြန့်ကြောင့်လုပ်တာပါ။ မြောက်ပိုင်းညီနောင်က တိုက်လိုက်တဲ့အခါမှာ နွေဦးတော်လှန်ရေးက အောင်ပွဲနဲ့ဆက်စပ်နေတာကြောင့် ဒီတခါ တရုတ်နဲ့တိုက်ပေးလည်း မရတော့ဘူး။ အဲဒါကတော့ အသေအချာ ပြောရဲပါတယ်။ သူတို့ဥစ္စာကလည်း မဘသတွေ၊ ကြံ့ဖွတ်တွေ၊ သူတို့အရင်လူတွေပါပဲ။ ၅,၀၀၀ စားတွေနဲ့ပဲ လုပ်ကြတာပါပဲ။"

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းလောက်က သမ္မတဟောင်းဦးသိန်းစိန် သွားရောက်ခဲ့တဲ့ တရုတ်ပြည်ခရီးစဉ်မှာ ကြားဖြတ်အစိုးရ အဖွဲအစည်းတခုဖွဲ့စည်းပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာစွန့်လွှတ်ဖို့ နားချပေးရေး တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဦးသိန်းစိန်ကို တိုက်တွန်းခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ယာယီသမ္မတနေရာကိုပါ လွှဲပြောင်းယူထားလိုက်ပါပြီ။

"ဒီ ၃၁ ရက်နေ့က အဆုံးအဖြတ်ပဲ။ ၃၁ ရက်နေ့က တရုတ်ကလည်း စောင့်ကြည့်တယ်။ တပြည်လုံးကလည်း စောင့်ကြည့်တယ်။ သူတို့စစ်တပ်အတွင်းမှာလည်း စောင့်ကြည့်တယ်။ အဲဒါဘာလဲဆိုတော့ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ကြားဖြတ်အစိုးရဖွဲ့ပြီး ရွေးကောက်ပွဲတွေလား။ အဲဒီလိုလုပ်ပြီးတော့ ထွက်ပေါက်ယူလိမ့်မယ်။ တရုတ်ကလည်း ဒါကိုခင်းပေးထားတယ်ဆိုတဲ့ ဥစ္စာကို မလုပ်ဘဲနဲ့ တရုတ်တည်ထားတဲ့ ဘောလုံးကို ဘေးချော်ကန်ပစ်တယ်လေ။ ဂိုးပေါက်လွဲသွားတာပေါ့။ အဲတော့ ဘာဖြစ်လာလဲဆိုတော့ ၃၁ရက်နေ့ မင်းအောင်လှိုင်ရဲ့ လုပ်ရပ်ကိုကြည့်ပြီးတော့ တရုတ်နဲ့ ဆက်ဆံရေးက နိုင်ငံရေးအရတင်းမာသလို စစ်ရေးအရလည်း ညီနောင်အဖွဲ့တွေနဲ့ ပတ်သက်လို့ အရမ်းတင်းမာသွားတယ်လေ။ အဲဒါက ဘာလဲဆိုတော့ ကျဆုံးခါနီးလူတယောက်က အမှားတွေတခုပြီးတခု ကျူးလွန်တာပဲ။"

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာ သူတို့ဘက်က နယ်မြေတွေ လက်လွှတ်ဆုံးရှုံးမှုတွေ ရှိခဲ့တဲ့အကြောင်းကိုလည်း ဝန်ခံပြောဆိုထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေ အပစ်ရပ်ရေးကို ဦးတည်စေမယ့် တရုတ်နိုင်ငံက ကြားဝင် ဆောင်ရွက်ပေးပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ပြုလုပ်မယ့် ဟိုင်ဂင်ဆွေးနွေးပွဲကိုလည်း စစ်ကောင်စီဘက်က မတက်ရောက်နိုင်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ လေ့လာသူတွေကတော့ စစ်ခေါင်းဆောင်နဲ့ တရုတ်ရဲ့ဆက်ဆံရေးဟာ တော်တော်လေးတင်းမာနေပြီး စစ်ရေးပိုပြင်းထန်လာနိုင်တာကိုလည်း သုံးသပ်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG