၂၀၂၄ မှာ သန်းနဲ့ချီတဲ့ မြန်မာတွေ အကူအညီမရခဲ့ (UNOCHA)
မြန်မာနိုင်ငံအတွက် အရေးပေါ်အကူအညီ ရံပုံငွေအကြီးအကျယ်လျော့နည်းခဲ့တာကြောင့် ၂၀၂၄ ခုနှစ်အတွင်း သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ လိုအပ်တဲ့အကူအညီ မရခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးရုံး UNOCHA က ဒီနေ့ X လူမှုကွန်ယက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
လိုအပ်နေသူတွေအတွက် အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးနိုင်တဲ့အတိုင်းအတာ နောက်ဆုံးအခြေအနေအထိ ရောက်နေပြီလို့ ရေးသားထားတာပါ။ မြန်မာပြည်သူတွေ အကူအညီလိုအပ်နေတယ်ဆိုတာကို မမေ့ကြဖို့လည်း လာမယ့် ၂၀၂၅ ခုနှစ်အတွင်း လူသားချင်းစာနာမှု လိုအပ်ချက်နဲ့ တုံ့ပြန်မှုအစီအစဉ် အစီရင်ခံစာနဲ့အတူ ပူးတွဲပြီး X လူမှုကွန်ယက်မှာ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွင်း အရေးပေါ် အသက်ရှင်သန်ရေး အကူအညီတွေအပါအဝင် လူသန်း ၂၀ လောက်အတွက် လူသားချင်းစာနာမှုအကူအညီလိုအပ်မှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံလောက် လိုအပ်မယ်လို့ UNOCHA က ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ၊ စစ်ပွဲတွေ၊ သဘာဝဘေးအန္တရာယ်တွေ၊ ကပ်ရောဂါတွေ၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ မြေမြှုပ်မိုင်းတွေစတဲ့ဘေးအန္တရာယ်တွေကြောင့် လူ သန်း ၂၀ လောက် လာမယ့် ၂၀၂၅ ခုအတွင်း လူသားချင်းစာနာမှု ဆိုင်ရာအကူအညီတွေလိုအပ်မယ်လို့ UNOCHA ကပြောဆိုထားပါတယ်။ ဒီအထဲက လူပေါင်း ၅. ၅ သန်းလောက်ဟာ အရေးပေါ်အသက်ရှင်သန်ရေးအကူအညီတွေလိုအပ်တဲ့အကြောင်း သတိပေးထားပါတယ်။