အိန္ဒိယနိုင်ငံမှာ ရွေးကောက်ပွဲ ၃၂ ကြိမ် ရှုံးနိမ့်ခဲ့ဖူးတဲ့ ဒေါက်တာ Shyam-babu Subudhi က အခုလာမယ့် ရွေးကောက်ပွဲမှာလည်း သူဝင်ပြိုင် ဦးမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
အသက် ၈၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာ Shyam-babu Subudhi ဟာ ဆရာဝန်တဦးဖြစ်ပြီး အိန္ဒိယနိုင်ငံ အရှေ့ဘက် Odissa ပြည်နယ် မှာ နေထိုင်တာပါ။ ၁၉၆၂ ခုနှစ်ကနေ အခုချိန်ထိ အိန္ဒိယ အထွေထွေရွေးကောက်ပွဲတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရွေးကောက်ပွဲ တိုင်းမှာ သူ ရှုံးနိမ့်ခဲ့ပါတယ်။
အသက်အရွယ်ကြီးရင့်နေပြီတဲ့ ဒေါက်တာ Shyam-babu Subudhi က သူဟာ အိန္ဒိယတနိုင်ငံလုံးရဲ့ တဦးတည်းသော တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဖြစ်တယ်လို့ ကြွေးကြော်ပါတယ်။ အခြား တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေဟာ တသီးပုဂ္ဂလ အစစ်တွေမဟုတ်ဘူးလို့ သူက ပြောပါတယ်။
ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ဒေါက်တာ Subudhi က သူ့နေထိုင်တဲ့ Brahmapur မြို့ တကြောကို တအိမ်တက်ဆင်း လက်ကမ်း ကြော်ညာတွေ လျှောက်ဝေရင်း တကိုယ်တော် မဲဆွယ်စည်းရုံးရေး လုပ်နေတာပါ။ သူ့အနေနဲ့ နိုင်ငံရေးပါတီထဲဝင်ပြီး လှုပ်ရှားဖို့ ဘယ်တုန်းကမှ စိတ်အားထက်သန်မှု မရှိဘူးလို့လည်း ပြောပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ အကျင့်ပျက်ချစားမှုနဲ့ နိုင်ငံရေး ရပ်တည်ချက်ကို မကြိုက်တာကြောင့်လို့ သူကပြောပါတယ်။
သူ့နဲ့ရင်းနှီးပြီး သူ့ရဲ့ တကိုယ်တော် တိုက်ပွဲဝင်နေတာကို သဘောကျကြတဲ့ ဒေသခံတွေကတော့ ဒေါက်တာ Subudhi ကြောင့် သူတို့အနေနဲ့ စိတ်အင်အားရရှိပြီး လာမယ့် ရွေးကောက်ပွဲမှာ သူ့အတွက် လွှတ်တော်တွင်းနေရာတခု ရအောင် မဲပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
Your browser doesn’t support HTML5