အိန္ဒိယ အစိုးရအုပ်ချုပ်တဲ့ ပြည်နယ်တခုဖြစ်တဲ့ Kashmir ပြည်နယ်မှာ အထွေထွေရွေးကောက်ပွဲ ဒုတိယအဆင့်အတွက် ပြည်သူတွေ မနေ့ကြာသပတေးနေ့က စတင် မဲပေးနေကြပါတယ်။ အိန္ဒိယ ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ သန်း ၁၅၀ ကျော်ရှိပြီး Kashmir ဒေသအပါအဝင် နိုင်ငံ တဝှမ်းက ပြည်နယ် ၁၂ ခုရဲ့ လွှတ်တော်ကိုယ်စားလှယ် အမတ်နေရာ ၉၀% ကျော်အတွက် မဲ ပေးနေကြတာပါ။ လက်ရှိ အိန္ဒိယ မှာကျင်းပနေတဲ့ ရွေးကောက်ပွဲတွေမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးတဲ့ နေရာက ပါဝင်နေပါတယ်။ လူငယ်တွေ ဘာကို မျှော်လင့်ထား ကြပါသလဲ။ AP သတင်းဆောင်းပါးကို အခြေခံပြီး မမြသဇင်အောင် ဆက်ပြောပြပေးမှာပါ။
အိန္ဒိယနိုင်ငံမှာက လူဦးရေ ၃ ပုံ ၂ ပုံက အသက် ၃၅ နှစ်အောက်ရှိသူတွေဖြစ်ပြီး မဲဆန္ဒရှင် ၁၅ သန်းကျော်က အသက် ၁၈ နှစ်နဲ့ ၁၉နှစ် အရွယ် ပထမဆုံး အကြိမ်မဲပေးကြတဲ့ လူငယ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလူငယ်တွေရဲ့ ဆန္ဒမဲတွေက ရွေးကောက်ပွဲ ရလဒ်ကို အနေအထား အမျိုးပြောင်း သွားစေနိုင်ပါတယ်။ အပြောင်းအလဲ တခုဖြစ်လာဖို့ အတွက် ဆန္ဒပြင်းပြနေကြတဲ့ စိတ်မရှည်ကြတော့တဲ့ အိန္ဒိယ လူငယ်တွေဟာ အရင်မျိူးဆက်တွေကလို ဇာတ်အနိမ့်၊ အမြင့် ခွဲခြားတာတွေနဲ့ ဘာသာရေးခွဲခြားမှုတွေ ကို သိပ်အလေးမထားကြတော့ပါဘူး။ သူတို့ အာရုံစိုက်လာကြတာက ကျောင်းပြီးရင် အလုပ်ရ ဖို့၊ သန့်ရှင်းပြီး လေကောင်းလေသန့်ရတဲ့ မြို့ပြပတ်ဝန်းကျင်မှာ နေထိုင်ခွင့်ရဖို့၊ ကမ္ဘာ့စီးပွားရေးဈေးကွက်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ နဲ့ အမျိုးသမီးတွေရဲ့ လုံခြူံရေး စတာ တွေပဲဖြစ် ပါ တယ်။
အင်ဂျင်နီယာကျောင်းသားတဦးဖြစ်တဲ့ Mayak Thakur က ကျောင်းပြီးရင် သူသင်ယူထားတဲ့ ဘာသာရပ်နဲ့ အလုပ်အကိုင် အလုံအလောက်မရှိမှာကို စိုးရိမ်ပူပန်နေသူပါ။
“အခု အလုပ်လက်မဲ့ ပြဿနာက သိပ်ကြီးမားနေတာပါ။ အိန္ဒိယမှာ ကျောင်းပြီးလို့ အလုပ်မရတဲ့ အင်ဂျင်နီယာတွေ အများကြီးရှိပါတယ်။ သူတို့အတွက် အလုပ်အကိုင် အလုံအလောက်မရှိတာပါ။”
စိတ်ပညာကျောင်းသူတဦးဖြစ်တဲ့ Vardah Kharbanda က ဒေလီမြို့မှာ လေထုညစ်ညမ်းနေတာနဲ့ ပတ်သက်ပြီး စိုးရိမ်နေတာပါ။
“ဒီလောက်အရေးကြီးတဲ့ ကိစ္စကို ဆွေးနွေးဖို့ စိတ်ကူးတောင်မရှိကြဘူး။ ကျွန်မ ဒေလီမြို့မှာ တသက်လုံးနေလာတာ ဆေးလိပ်လည်းမသောက်ဘူး။ အခု အဆုတ်တွေ မကောင်းတော့ဘူး။ လေထုညစ်ညမ်းမှုပြဿနာနဲ့ ပတ်သက်ပြီး ပညာပေးတာ တွေလုပ်ဖို့လိုနေပါပြီ။”
ဒေလီမြို့ရဲ့ လမ်းတွေမှာ အမျိုးသမီးတွေအတွက် လုံခြုံမှု မရှိတဲ့ အပေါ်မှာလည်း လူငယ်တွေကြား စိုးရိမ်မှုတွေရှိနေကြပါတယ်။ ဘဏ္ဍာရေး နဲ့ ငွေကြေးစီမံခန့်ခွဲမှုပညာ ကျောင်းသူ Kavita Srivastava ကတော့
“ဒေလီမှာ တကယ်စိုးရိမ်ရတာက အမျိုးသမီးတွေအတွက် လုံခြုံရေးပါ။ ရာနှုန်းပြည့်လုံခြုံမှု ကို ပြောတာပါ။ ဒေလီရဲ့လမ်းတွေမှာ ညဘက် အမျိုးသမီးတွေ အန္တရာယ်ကင်းကင်း သွားနိုင်တာလိုချင်ပါတယ်။”
ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လက်ရှိဝန်ကြီးချူပ် Narendra Modi အပေါ်လူငယ်တွေရဲ့ သဘောထားကရော ဘယ်လို ရှိပါသလဲ။ စိတ်ပညာကျောင်းသူ Monika Dalal ပြောတာကတော့
“Modi က အများကြီးလုပ်ပေးနိုင်တဲ့ သူပါ။ သူကနိုင်ငံတွေ အများကြီးကိုလည်းသွားပြီး အိန္ဒိယကို အသိအမှတ်ပြုဖို့ကြိုးစားခဲ့တယ်။ အခုဆို အိန္ဒိယမှာ စီမံကိန်းတွေ လာလုပ်ကြဖို့လည်း စိတ်ဝင်စား နေကြပြီ။ ကမ္ဘာမှာရော ကုလသမဂ္ဂမှာပါ အိန္ဒိယကို အသိအမှတ်ပြု နေရပါပြီ။ ဒါတွေအားလုံး Modi ကြောင့်ပါ။”
YouTube Vlogger တယောက်ဖြစ်တဲ့ Rajanvir Singh Luthra ကတော့ ဘယ်အစိုးရတက်တက် ပြည်သူတွေကို ဆင်းရဲငတ်မွတ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးစေချင်တယ်လို့ ပြောပါတယ်။
“ကျွန်တော်က Modi ကိုထောက်ခံအားပေးသူမဟုတ်သလို၊ အတိုက်အခံ Rahul Gandhi ကို ထောက်ခံသူလည်းမဟုတ်ပါဘူး။ ဘယ်သူပဲ အနိုင်ရရ ပထမဆုံးလုပ်ရမှာက ဆင်းရဲသားတွေကို ကြည့်ရမှာ။ ဆင်းရဲသားတွေအတွက် တခုခု လုပ်ပေးဖို့လိုနေပြီ။”
လူဦးရေ ၁.၃ ဘီလျံလောက်ရှိတဲ့ အိန္ဒိယနိုင်ငံမှာ မဲပေးပိုင်ခွင့်ရှိသူ သန်း ၉၀၀ လောက်ရှိပါတယ်။ ဧပြီ လ ၁၁ ရက်က ရွေးကောက်ပွဲတွေကို စတင်ခဲ့တာဖြစ်ပြီး သီတင်း ၆ ပတ်လောက် အဆင့်ဆင့်ကျင်းပသွားမယ့် အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲတွေအတွက် ပထမအဆင့်တုန်းကတော့ မဲဆန္ဒရှင်သန်း ၁၄၀ ကျော် မဲပေးခဲ့ကြပါတယ်။ India နိုင်ငံတဝန်းရွေးကောက်ပွဲတွေ မေလ ၁၉ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပြီး ရလဒ်ကို မေလ ၂၃ ရက်နေ့မှာ ကြေညာမှာဖြစ်ပါတယ်။
Your browser doesn’t support HTML5