ကန်၊ အိန္ဒိယနဲ့ ဂျပန် ပူးတွဲရေကြောင်းစစ်ရေးလေ့ကျင့်မှု အိန္ဒိယသမုဒ္ဒရာ မှာကျင်းပ

အိန္ဒိယသမုဒ္ဒရာ Malabar ဒေသအတွင်း စစ်ရေးလေ့ကျင့်မှု

အိန္ဒိယ၊ အမေရိကန်နဲ့ဂျပန်သုံးနိုင်ငံပူးတွဲပြီး အိန္ဒိယသမုဒ္ဒရာအတွင်း ၈ ရက်ကြာပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်မှု တခုပြုလုပ်နေပါတယ်။ တရုတ်ရဲ့စစ်အင်အားကြီးထွားလာနေမှုကိုကြည့်ပြီး အခုလိုသုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှု နက်နက်ရှိုင်းရှိုင်းရှိလာနေတာလည်းဖြစ်ပါတယ်။ ဒီအကြောင်း VOA သတင်းထောက် Anjana Pasricha ရဲ့ သတင်းပေးပို့ချက်ကို ကိုကျော်အောင်လွင်က ပြောပြပါလိမ့်မယ်။

အိန္ဒိယသမုဒ္ဒရာ အတွင်း Malabar ဒေသမှာ ဇူလိုင်လ ၁၀ရက်ကနေ ၁၇ရက်နေ့ အထိ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်သုံး နိုင်ငံ ပူးတွဲ့ပြီး ၈ရက်ကြာ စစ်ရေးလေ့ကျင့်မှုလုပ်နေကြတဲ့နေရာမှာ ဒီသုံးနိုင်ငံက အကြီးမားဆုံး စစ်သင်္ဘောကြီးတွေနဲ့ ရေငုပ်သင်္ဘောတွေလည်းပါဝင်ကြပါတယ်။ တရုတ်နိုင်ငံရဲ့ ပင်လယ်ပြင်ရေပြင်ပိုင်နက်ဆိုင်ရာ အတင့်ရဲ့မှုတွေဟာတောင်တရုတ်ပင်လယ်ပြင် မှာတင်မကပဲ အိန္ဒိယသမုဒ္ဒရာ အတွင်းရှိလာမယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်းတိုးလာနေတာပါ။

အခု Malabar စစ်ရေးလေ့ကျင့်မှုဟာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ အမေရိကန်သမ္မတ Donald Trump တို့ ပြီးခဲ့တဲ့လ တုန်းက တွေ့ဆုံခဲ့ကြပြီး ၂နိုင်ငံ လုံခြုံရေးပိုပြီးအားကောင်းလာအောင် လုပ်ဆောင်ကြဖို့ အသေအချာပြောဆိုခဲ့ကြပြီး နောက်ပိုင်း အထင်ရှားဆုံးမြင်တွေ့ရတဲ့ ပူးတွဲလှုပ်ရှားမှုပါပဲ။အခု Malabar စစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်ရဲ့ နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင်စစ်သင်္ဘော USS Nimitz အပါအဝင် စစ်သင်္ဘော ၁၅စီး ကျော် ပါဝင်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ လေယာဉ်တင်စစ်သင်္ဘော INS Vikramaditya နဲ့ ဂျပန်က အကြီးဆုံးစစ်သင်္ဘော JS Izumo တို့လည်း ပါဝင်လေ့ကျင့်နေတာဖြစ်ပြီး အခုတခေါက်က ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုကို အဓိကထားပြီး လုပ်နေကြတာပါ။ အမေရိကန် သံရုံးက ထုတ်ပြန်ချက် တခုမှာတော့ အင်ဒို-အာရှပစိဖိတ်ဒေသအတွင်း ပင်လယ်ပြင်လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ တိုးလာနေတယ်လို့ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလက စပြီး အိန္ဒိယသမုဒ္ဒရာ အတွင်း တရုတ်ရေတပ်သင်္ဘောတွေရဲ့ ဝင်ရောက်မှုတွေ အကြိမ်တော်တော်များ များရှိခဲ့ပြီး တရုတ်ရေငုပ်သင်္ဘော အနည်းဆုံး ၇ကြိမ်ဝင်ရောက်ခဲ့တယ်လို့ စစ်ရေးလေ့လာသူတွေက ပြောကြပြီး ဒီလုပ်ရပ်တွေဟာ တရုတ်ရဲ့အင်အားပြမှုတွေဖြစ်လိမ့်မယ်လို့ ယူဆကြပါတယ်။ နယူးဒေလီ အခြေစိုက် အိန္ဒိယပင်လယ်ရေကြောင်း ဆိုင်ရာအဖွဲ့အစည်း ရဲ့ ညွန်ကြားရေးမှုး Vijay Sakhuja ကတော့ တရုတ်ရေတပ်က ကိုယ့်အိမ်နောက်ဖေးမှာရောက်နေ တဲ့သဘောဖြစ်နေပြီလို့ဆိုပါတယ်။

“လောလောဆယ်မှာကိုပဲ အိန္ဒိယသမုဒ္ဒရာ အတွင်းမှာ ပင်လယ်ဓါးပြနှိမ်နင်းရေး အတွက်လား၊ ထောက်လှမ်းစုံစမ်းရေးလား မသိနိုင်တဲ့ အမျိုးအစားမတူတဲ့ တရုတ်စစ်ရေယာဉ်၁၃စီးလောက် ရှိတယ်လို့ ကျနော်တို့နားလည်ထားတယ်လို့ပြောသွားတာပါ။”

ပါကစ္စတန်နဲ့ သီရိလင်္ကာ နိုင်ငံတွေက ဆိပ်ကမ်းတွေဆောက်လုပ် ရေးမှာ တရုတ်ရဲ့ဘဏ္ဍာရေး ထောက်ပံ့မှုတွေရှိနေတာကြောင့် တရုတ်သင်္ဘောတွေ အိန္ဒိယသမုဒ္ဒရာအတွင်းဝင်ရောက် လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယအတွက် စိုးရိမ်မှုတွေဖြစ်စေပါတယ်။ တရုတ်ဘက်ကတော့ နိုင်ငံတွေအတွင်း ပုံမှန် သဘောပူးပေါင်းလုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့ ဘာမှကန့်ကွက်စရာ မရှိတဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဂန်ရှောင်းက Malabarစစ်ရေးလေ့ကျင့်မှု မတိုင်ခင်မှာပြောထားတာ ဖြစ်ပါတယ်။ အခုတလော တရုတ်နဲ့ ဘူတန်နိုင်ငံ အကြားမှာရှိတဲ့ ကုန်းမြေမြင့်မှာ တရုတ်ဘက်ကလမ်းဖေါက်ခဲ့တာကို ကန့်ကွက်နိုင်ဖို့ ဘူတန်ကနေ အိန္ဒိနိုင်ငံဆီ အကူအညီတောင်းခဲ့ပြီး အိန္ဒိယစစ်သားတွေက ဟန့်တားခဲ့ပါတယ်။

အဲဒီပြဿနာကြောင့် တရုတ်နဲ့အိန္ဒိယအကြား တင်းမာမှုဖြစ်ခဲ့ပြီး တရုတ်က အိန္ဒိယသမုဒ္ဒရာအတွင်း စစ်သင်္ဘောကင်းလှည့်မှုတွေ တိုးမြင့် လုပ်ဆောင်လာခဲ့တဲ့အချိန်မှာပဲ အခုလိုအိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်တို့ ပူးပေါင်းပြီး ရေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုပြု လုပ်နေကြတာပါ။

Your browser doesn’t support HTML5

ကန်၊ အိန္ဒိယနဲ့ ဂျပန် ပူးတွဲရေကြောင်းစစ်ရေးလေ့ကျင့်မှု အိန္ဒိယသမုဒ္ဒရာ မှာကျင်းပ