အိန္ဒိယလက်နက်ကိုင်တွေ မြန်မာနိုင်ငံထဲ အခြေစိုက်ခွင့်ပြုမှာမဟုတ်ကြောင်း ဒေါ်စုပြော

အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး Sushma Swaraj နှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံ (MOI)

အိန္ဒိယအရှေ့မြောက်ဘက် ဒေသတခွင်မှာ လှုပ်ရှားနေတယ်ဆိုတဲ့ စစ်သွေးကြွတွေဟာ မြန်မာနိုင်ငံပိုင် နယ်နမိတ်အတွင်း အခြေစိုက်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် အိန္ဒိယနိုင်ငံအပေါ် ဆန့်ကျင်တိုက်ခိုက် သူတွေကို မြန်မာနိုင်ငံရဲ့ပိုင်နက် နယ်မြေကို အသုံးပြုခွင့်ပြုမှာ မဟုတ်တဲ့အကြောင်း မြန်မာအစိုးရက တနင်္လာနေ့မှာ အာမခံချက်ကပေးလိုက်ပါတယ်။

ဒီလိုအာမခံချက်ကို မြန်မာနိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ ရောက်ရှိနေတဲ့ အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီး Sushma Swaraj နဲ့ တွေ့ဆုံချိန်မှာ ပေးခဲ့တာဖြစ်တယ်လို့ အိန္ဒိယ သတင်းမီဒီယာ တွေမှာ ဖေါ်ပြထားပါတယ်။

သူပုန်တွေအနေနဲ့ မြန်မာပိုင် နယ်နမိတ်အတွင်းကနေ လှုပ်ရှားနေတာကို သဘောတူ ထောက်ခံခြင်းမရှိကြောင်း ပြောဆိုလိုက်ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှေ့ဆက် ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယ စစ်တပ်ဟာ Nationalist Socialist Council of Nagaland (NSCN) အဖွဲ့ရဲ့ Khaplang အဖွဲ့ခွဲကို တိုက်ခိုက်ဖို့အတွက် မြန်မာနယ်နမိတ်အတွင်း ဝင်ရောက်ခဲ့ရတယ် ဆိုတဲ့သတင်းကို The Idian Express သတင်းစာမှာ တနင်္ဂနွေနေ့က ဖေါ်ပြခဲ့ပြီး နောက်တနေ့မှာ အခုလို မြန်မာနိုင်ငံဘက်က အာမခံချက် ပေးလိုက်တာဖြစ်ပါတယ်။

အန္ဒိယအစိုးရဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း တခြား NSCN အဖွဲ့ခွဲတခုနဲ့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယလက်နက်ကိုင်တွေ မြန်မာနိုင်ငံထဲ အခြေစိုက်ခွင့်ပြုမှာမဟုတ်ကြောင်း ဒေါ်စုပြော