အိန္ဒိယ- ပါကစ္စတန် နယ်စပ် ပစ်ခတ်မှုဖြစ်ပွား

ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ကက်ရှ်မီးယား ဒေသမှာ ဒီနေ့လည်း အိန္ဒိယနဲ့ ပါကစ္စတန်စစ်သားတွေ စစ်စခန်းတွေနဲ့ ရွာတွေကို အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။ ရန်ဘက် ၂ နိုင်ငံကြား တင်းမာမှုတွေ လျော့ပါးရေး သံတမန်ရေး နည်းလမ်းတွေနဲ့ ကြိုးပမ်းနေချိန်မှာပဲ ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာပါ။

အမြောက်တွေ၊ မော်တာတွေ၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေမှာ တဖက်က အရင်စတာဆိုပြီးတော့လည်း အပြန်အလှန်အပြစ်ဖို့ နေကြပါတယ်။ ထိခိုက်သေဆုံးမှု သတင်းတွေတော့ လတ်တလော မကြားရသေးပါဘူး။ အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသမှာ အိန္ဒိယပြည်သူ့စစ် ၄၀ သေဆုံးခဲ့ရတဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အသေခံ ဗုံးခွဲတိုက်ခိုက်မှုမှာ တာဝန်ရှိတယ်လို့ စွပ်စွဲထားတဲ့ စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အိန္ဒိယလေတပ်က ပါကစ္စတန် နယ်မြေကို ဖြတ်ကျော်ခဲ့ပြီးနောက်ပိုင်း တင်းမာမှုတွေ ပိုမိုကြီးထွားလာနေတာပါ။

အိန္ဒိယတိုက်လေယာဉ် ၂ စင်း ကို ပါကစ္စတန်ဘက်က ပစ်ချခဲ့ပြီး အိန္ဒိယ တိုက်လေယာဉ်မှူး တဦးကိုလည်း ဖမ်းဆီးမိခဲ့ပေမဲ့ နောက်ပိုင်းမှာ ငြိမ်းချမ်းရေး ရည်ရွယ်ချက်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသထဲကို ပါကစ္စတန်က ကြည်းတပ်တွေ စေလွှတ်ခဲ့တဲ့အထိ ဖြစ်ခဲ့တဲ့ ၁၉၉၉ ခုနှစ်နောက်ပိုင်း စစ်ရှိန်အမြင့်ဆုံး ဖြစ်ခဲ့ပြီးနောက် ၂ နိုင်ငံ နယ်စပ်မှာ စစ်ရေးအရ ဆက်လက် တင်းမာနေပေမဲ့လည်း ၂ နိုင်ငံကြား ဘတ်စ်ကားတွေ၊ ရထားတွေကိုလည်း ပြန်လည်ပြေးဆွဲခဲ့တာပါ။

နျူကလီးယားလက်နက် ပိုင်ဆိုင်ထားကြတဲ့ အိမ်နီးချင်း ၂ နိုင်ငံကြား ၂၀၀၃ ခုနှစ်မှာ အပစ်အခတ် ရပ်စဲရေး သဘောတူထားပေမဲ့ ချိုးဖောက်မှုတွေ ရှိကြောင်းလည်း အပြန်အလှန် စွပ်စွဲနေကြပါတယ်။ ၁၉၄၇ ခုနှစ်မှာ ဗြိတိန်နိုင်ငံ လက်အောက်ကနေ လွတ်လပ်ရေး ရခဲ့ပြီးနောက် အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံကြား စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ဖူးပြီး၊ ၂ ကြိမ်ကတော့ နယ်မြေတခုလုံးကို ပိုင်ဆိုင်ကြောင်း ၂ ဖက်စလုံးက ပြောဆိုထားကြတဲ့ ကက်ရှ်မီးယားဒေသနဲ့ ပတ်သက်လို့ ဖြစ်ပွားခဲ့တာပါ။

Your browser doesn’t support HTML5

အိန္ဒိယ- ပါကစ္စတန် နယ်စပ် ပစ်ခတ်မှုဖြစ်ပွား