ဆော်ဒီက အလုပ်ပြုတ်အိန္ဒိယနိုင်ငံသားတွေကို အိန္ဒိယအစိုးရ စားနပ်ရိက္ခာကူညီ

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj

ဆော်ဒီအာရေဗီးယားမှာ သောင်းနဲ့ချီတဲ့အိန္ဒိယနိုင်ငံသားတွေ အလုပ်ပြုတ်သွားပြီး စားရေးခက်ခက်နေတဲ့အတွက် အိန္ဒိယအစိုးရက စားနပ်ရိက္ခာ သွားရောက် ထောက်ပံ့ပေးနေပြီး နေရပ်ရင်းပြန်ခေါ်နိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးနေပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj က - အိန္ဒိယအလုပ်သမား တသောင်းကျော် ဟာ စားစရာပြတ်လပ်နေပြီး ကြီးမားတဲ့ အခက်အခဲ ကြုံနေရကြောင်း သူ့ရဲ့တွစ်တာ စာမျက်နှာမှာ ရေးသားထားပါတယ်။ အလုပ်ရှင်တွေက အလုပ်သမားတွေကို လုပ်အားခမပေးဘဲနဲ့ သူတို့စက်ရုံတွေကို ပိတ်ပစ်ခဲ့တဲ့အတွက် အိန္ဒိယအလုပ် သမားတွေဟာ အလုပ်လက်မဲ့ ဖြစ်ကုန်ကြရတယ်လို့လည်း ဖော်ပြထားပါတယ်။

ကူဝိတ်နိုင်ငံမှာရှိတဲ့ အိန္ဒိယအလုပ်သမားတွေမှာလည်း အခက်အခဲကြုံခဲ့ကြပေမယ့် သူတို့အခြေအနေက စီမံကွပ်ကဲနိုင်တဲ့ အခြေအနေမှာ ရှိနေပြီး ဆော်ဒီအာရေ ဗီးယားက အလုပ်သမားတွေက ပိုပြီးအခြေအနေ ဆိုးတယ်လို့လည်း မစ္စက် Swaraj က ပြောပါတယ်။

အလုပ်သမားအများစုက ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့ကြပြီး အလုပ်ပြုတ်သွားချိန်ကတည်းက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရပါတယ်။

အဲဒီလို ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့အလုပ်သမားတွေက သူတို့မှာ စားစရာ မရှိတော့တာ သုံးရက် လေး ရက်လောက်ရှိနေပြီဖြစ်ကြောင်း တွစ်တာလူမှု ကွန် ယက်မှာ ရေးသားခဲ့ပြီးတဲ့နောက် အိန္ဒိယအစိုးရက အခုလို စီစဉ်ဆောင်ရွက်ပေး တာဖြစ်ပါတယ်။

အလုပ်သမားတွေက နေရပ်ရင်းကို ပြန်ချင်ပေမယ့် ပြန်စရိတ် မရှိတဲ့အတွက် စိတ်သောကရောက်နေကြကြောင်း သတင်းတွေမှာ ဖော်ပြထားပါ တယ်။

ဆော်ဒီအာရေးဗီးယားမှာ အလုပ်လုပ်နေတဲ့ အိန္ဒိယအလုပ်သမားပေါင်း ၃ သန်း ဝန်းကျင်ရှိပါတယ်။ ဒါပေမယ့် မကြာသေးခင်နှစ်တွေအတွင်း လောင်စာ ဆီဈေးနှုန်းတွေ ကျသွားခဲ့တာက ဆောက်လုပ်ရေး ကုမ္ပဏီကြီးတွေအပေါ် ထိခိုက်မှု ရှိခဲ့ပြီး ကံထရိုက် စာချုပ်သက်တမ်း ရှိနေပေမယ့်လည်း အလုပ်ပြုတ်ကုန်ကြရတာပါ။

Jeddah မှာရှိတဲ့ အိန္ဒိယကောင်စစ်ဝန်ရုံးက ဆန် ၁၅,၄၇၅ ကီလိုဂရမ်နဲ့ တခြား အစားအစာတွေကို အိန္ဒိယ လူမှုအဖွဲ့အစည်းက လှူဒါန်းခဲ့ပြီး ရိက္ခာရဖို့ တန်းစီနေတဲ့ လူတန်းကြီးတွေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေလည်း အွန်လိုင်းမှာ တင်ထားခဲ့ပါ တယ်။

နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj က အခုလို အကူအညီလိုအပ်နေတဲ့ အိန္ဒိယ အလုပ်သမားတွေကို ဝိုင်းဝန်ကူညီစောင့်ရှောက်ကြဖို့ နယ်ခံ အိန္ဒိယ အသိုင်းအဝိုင်းကို မေတ္တာရပ်ခံ ထားပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး V.K Singh ကလည်း အလုပ်သမားတွေ နေရပ်ရင်းပြန်နိုင်အောင် စီစဉ်ဆောင်ရွက်ရမယ့် ကိစ္စတွေအတွက် ကူဝိတ်နဲ့ ဆော်ဒီအာရေဗီးယား နိုင်ငံတွေကို သွားဖို့ရှိပါတယ်။

ထောင်သောင်းချီတဲ့ အိန္ဒိယလူမျိုးတွေထဲမှာ အတော် များများက တောင်ပိုင်းပြည်နယ်တွေက ဖြစ်ပါတယ်။ သူတို့ဟာ ကိုယ့်နိုင်ငံမှာ အလုပ်လုပ် ရတာထက် ပိုပြီးဝင်ငွေများတဲ့ ပင်လယ်ကွေ့ နိုင်ငံတွေက ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ဖို့ နှစ်စဉ် သွားရောက်လေ့ရှိပါတယ်။

ပင်လယ်ကွေ့နိုင်ငံတွေမှာ အလုပ်လုပ်ကြတဲ့ နိုင်ငံခြားသား အလုပ်သမား အများစုဟာ လုပ်အားခမပေးဘဲ စေခိုင်းခံရတာနဲ့ နစ်နာကြေးမရတာ အပါအဝင် ခေါင်းပုံဖြတ်ခံရတာ၊ ညှင်းပန်း နှိပ်စက်ခံရတာတွေကို ရင်ဆိုင်ခံစားကြရကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ အခုလို ကုမ္ပဏီကြီးတွေက လုပ်ခလစာငွေ မပေးဘူးဆိုတဲ့ တိုင်တန်းမှုတွေအပေါ်မှာ စုံစမ်းစစ်ဆေးနေတယ်လို့ ဆော်ဒီအစိုးရက ပြောပါတယ်။

Your browser doesn’t support HTML5

ဆော်ဒီက အလုပ်ပြုတ်အိန္ဒိယနိုင်ငံသားတွေကို အိန္ဒိယအစိုးရ စားနပ်ရိက္ခာကူညီ