အင်ဒိုနီးရှား ကူးတို့ယာဉ်နစ်မြုပ်မှု လူ ၁၉၀ကျော်ပျောက်ဆုံး

အင်ဒိုနီးရှား ကူးတို့ယာဉ်နစ်မြုပ်မှု ကယ်ဆယ်ရေးဝန်ထမ်းများလိုက်ရှာနေ

အင်ဒိုနီးရှား နိုင်ငံ ဆူမတြားကျွန်းက လူသိများ ကျော်ကြားတဲ့ ရေကန်ကြီးထဲမှာ ဒီသတင်းပတ် အစောပိုင်းတုန်းက ကူးတို့ရေယာဉ် နစ်မြုပ်ခဲ့ပြီးနောက် လူပေါင်း ၁၉၀ ကျော် ပျောက်ဆုံးနေတယ်လို့ အာဏပိုင်တွေက ပြောဆိုထားပါတယ်။

စတုရန်း ကီလိုမီတာ ၁၁၄၅ ကျယ်တဲ့ Toba ရေကန်ကြီးထဲမှာ ကူးတို့ရေယာဉ် နစ်မြုပ်မှုကို ရေငုပ်သမားတွေ၊ ရေအောက်သုံး အဝေးထိန်း ဒရုန်းယာဉ်တွေ သုံးပြီး အာဏာပိုင်တို့က ရှာဖွေနေပါတယ်။ ခရီးသည်တွေ၊ ဒါဇင်နဲ့ချီတဲ့ ဆိုင်ကယ်တွေ အပြည့်အကျပ် တင်လာတဲ့ ကူးတို့ရေယာဉ်က ပြီးခဲ့တဲ့ တနလာၤနေ့ ညနေခင်းမှာ နစ်မြုပ်ခဲ့တာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းနဲ့ချီ အချိန်တုန်းက ဧရာမ မီးတောင်ကြီး ပေါက်ကွဲမှုကြောင့် ပေါ်လာတဲ့ Toba ရေကန်ကြီးက ခရီးသွားတွေကြား ရေပန်းစားတဲ့ သာယာလှတဲ့ ဒေသ ဖြစ်ပါတယ်။ ကူးတို့ရေယာဉ် နစ်မြုပ်ပြီးနောက် နာရီပိုင်း အကြာမှာ ခရီးသည် ၁၈ ဦးကို ကယ်တင်နိုင်ခဲ့ပြီး နောက်ပိုင်း ကယ်ဆယ်ရေး လုပ်ငန်းတွေမှာတော့ လေပြင်းတိုက်ခတ်ပြီး လှိုင်းထန်တာကြောင့် နှောင့်နှေးနေရပါတယ်။

နစ်မြုပ် ကူးတို့ရေယာဉ်ထဲမှာ အများအပြား ရှိနေဆဲလို့ အာဏာပိုင်တို့က ယူဆထားကြပါတယ်။ သေဆုံးသူ ၃ ဦးရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူရရှိထားပါတယ်။ အိန္ဒိယ သမုဒ္ဓရာထဲက ကျွန်းပေါင်း ၁ သောင်း ၇ ထောင်နဲ့ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှား နိုင်ငံမှာတော့ ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ အားနည်းတာကြောင့် ကူတို့ရေယာဉ် နစ်မြုပ်မှုတွေ မကြာခဏ ဖြစ်လေ့ ရှိပါတယ်။

Your browser doesn’t support HTML5

အင်ဒိုနီးရှား ကူးတို့ယာဉ်နစ်မြုပ်မှု လူ ၁၉၀ကျော်ပျောက်ဆုံး