အင်ဒိုနီးရှားရွေးကောက်ပွဲ သမ္မတ Widodo အလားအလာကောင်း

အင်ဒိုနီးရှားနိုင်ငံမှာ ဧပြီလ ၁၇ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲရုံအထွက် ကောက်ခံတဲ့ စစ်တမ်းတွေအရ လက်ရှိသမ္မတ Joko Widodo ဟာ သူ့ပြိုင်ဘက် Prabowo Subianto ထက် ၁၀ ရာခိုင်နှုန်းလောက် အသာစီးရနေတာ တွေ့ရပါတယ်။ သမ္မတ Widodo ကတော့ ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန်မယ့် မဲအရေအတွက် ရလဒ်ကို စိတ်ရှည်ရှည်ထား စောင့်ကြဖို့နဲ့ စည်းလုံးညီညွတ်ကြဖို့ ပြည်သူကို ပန်ကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က စုစည်းတင်ပြပေးမှာပါ။

အချိန်ဇုံ ၃ခု ခွဲထားတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ရွေးကောက်ပွဲအတွက် လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားပြီး သူ့ဇုံအလိုက် ဗုဒ္ဓဟူးနေ့မနက် ၇ နာရီမှာ မဲရုံတွေကို စတင်ဖွင့်လှစ်ခဲ့သလို နေ့လည် တနာရီမှာ မဲရုံတွေကို ပိတ်ခဲ့ပါတယ်။ မူဆလင်အများစုနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ မဲဆန္ဒရှင် ၁၉၃ သန်းက ဒီရွေးကောက်ပွဲမှာ မဲလာပေးခဲ့ကြတာပါ။

မဲရုံအထွက် စစ်တမ်းကောက်ယူခဲ့ကြတဲ့ သီးခြားလွတ်လပ်တဲ့ survey အဖွဲ့ ၅ ဖွဲ့ရဲ့ စာရင်းတွေအရ လက်ရှိသမ္မတ Joko Widodo ဟာ သူ့ပြိုင်ဘက် Prabowo Subianto ထက် အသာစီးရနေတယ်လို့ ဖေါ်ပြကြပါတယ်။ ဒီအဖွဲ့တွေရဲ့ စစ်တမ်းကောက်ယူမှုဟာ အရင် ရွေးကောက်ပွဲ တွေတုန်းကလည်း မှန်ကန်ခဲ့တဲ့အတွက် အများက ယုံကြည်မှုရှိကြပါတယ်။ တရားဝင် မဲရလဒ်ကိုတော့ ရွေးကောက်ပွဲ ကော်မရှင်က မေလထဲမှာ ထုတ်ပြန်မယ်လို့ ခန့်မှန်းရပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရဖို့ သေချာသလောက်ရှိနေတဲ့ လက်ရှိသမ္မတ Widodo ကတော့ သူ့ရဲ့ အောင်ပွဲခံမိန့်ခွန်းထဲမှာ ပြည်သူတွေ စည်းလုံးကြဖို့ ပြောကြားခဲ့သလို၊ တရားဝင်မဲရလဒ်ကို စိတ်ရှည်ရှည် စောင့်ကြဖို့ ဂျာကာတာမြို့လယ်က သမိုင်းဝင် Djakata Theater အဆောက်အဦးမှာ ခုလိုပြောပါတယ်။

"ရွေးကောက်ပွဲ မဲပေးအပြီး မဲရုံတွေမှာ ကောက်ယူတဲ့ စစ်တမ်းတွေအရဆို ကျနော်တို့အသာစီး ရနေတာ တွေ့နိုင်ပေမယ့် ရွေးကောက်ပွဲ ကော်မရှင်ကထုတ်ပြန်မယ့် တရားဝင်မဲအရေအတွက်ကို ကျနော်တို့ စိတ်ရှည်ရှည်ထား စောင့်ကြရမှာပါ”

သမ္မတဟောင်း Megawati Sukarnoputri နေထိုင်ရာ Menteng အရပ်မှာ မဲပေးခဲ့တဲ့ အသက် ၆၉ နှစ်အရွယ် Enny က သူနဲ့ သူ့ညီမတို့ဟာ Joko “Jokowi” Widodo ကို ထောက်ခံသူတွေဖြစ်ပြီး ဒီနေ့ဟာ သူတို့အတွက် နေ့ထူးတနေ့ဖြစ်ကြောင်း ပြောပါတယ်။

“ဒီကနေ့ ရွေးကောက်ပွဲနေ့ကတော့ ကျမအတွက် Hari Raya ပါပဲ။ ဆိုလိုတာက ကျမတို့တို့အတွက် တကယ့်နေ့ထူးနေ့မြတ် တနေ့လို့ ပြောတာပါ။”

အသက် ၄၃ နှစ်အရွယ် အငှားယာဉ်မောင်းသမား Paul Mirully ကလည်း သူရွေးချယ်မယ့် သမ္မတဟာ ပထမအချက် အနေနဲ့ လူကောင်း တယောက်ဖြစ်ပြီး နိုင်ငံအကျိုးကို ရွက်ဆောင်နိုင်တဲ့ ခန့်ညား ယုံကြည်ရသူ တဦးဖြစ်စေချင်တယ်လို့ ပြောပါတယ်။

ဒီရွေးကောက်ပွဲမှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကထက် စာရင် မဲပေးတဲ့လူငယ်တွေ ပိုများလာတယ်လို့ စောင့်ကြည့်သူ တချို့ကပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ မဲပေးနိုင်သူတွေထဲက သန်း ၆၀ လောက်ဟာ အသက် ၃၀ အောက်တွေဖြစ်ပြီး စစ်တမ်းတွေအရ သူတို့ထဲက အများစုဟာ မဲမပေးဘဲ နေတာတွေ့ရတဲ့အတွက် မဲရလဒ်ဟာ နောက်ဆုံးမှာ အပြောင်းအလဲတွေ ဖြစ်နိုင်ချေရှိနေပါတယ်။ ဒါပေမယ့် အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး Ian Santoso Perdanakusuma ကတော့ မဲပေးမှုဟာ အဆင်ပြေပြေ ရှိခဲ့ပါတယ်လို့ VOA ကို ပြောပါတယ်။

ဒါပေမယ့် ကျွန်းပေါင်း ၁၈,၀၀၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အရှေ့ပိုင်းက မတည်ငြိမ်တဲ့ Papua ဒေသမှာတော့ ရပ်ကွက် ၂ ခုမှာ မဲမရသူတွေ၊ ဒေသခံတွေနဲ့ ရဲတွေကြား အငြင်းအခုံဖြစ်မှုတွေကြောင့် မဲပေးမှုတွေ ရပ်ဆိုင်းခဲ့ရတယ်လို့ သတင်းတွေမှာ ဖေါ်ပြနေတာပါ။

လက်ရှိသမ္မတ Jokowi ဟာ သူ့ရဲ့ ၅ နှစ်သက်တမ်းမှာ နိုင်ငံတွင်းပြုပြင်ဖို့ အရေးတကြီး လိုအပ်နေတဲ့ အခြေခံအဆောက်အအုံတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာတွေ အတွက် ကောင်းကောင်း လုပ်ဆောင်ပေးနိုင်တာကြောင့် နာမည်ကောင်းရခဲ့သူ ဖြစ်ပါတယ်။ပရိဘောဂ လုပ်ငန်းကနေ နိုင်ငံရေးလောကထဲ ရောက်လာတဲ့ Jokowi ဟာ နိုင်ငံရေးမှာ အစွန်းသိပ်မရောက်တဲ့ အလယ်အလတ်ဝါဒီ တယောက်ဖြစ်ပါတယ်။ သူ့ပြိုင်ဘက် Prabowo Subianto ကတော့ စစ်ဗိုလ်ချုပ်ဟောင်း တဦဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံကို နှစ်အတော်ကြာ အုပ်ချုပ်ခဲ့တဲ့ ၁၉၉၈ မှာ ဖြုတ်အချခံခဲ့ရသူ အာဏာရှင် Suharto ရဲ့ သားမက်ဖြစ်ပါတယ်။

Prabowo ကလည်း သူ့ရွေးကောက်ပွဲမဲဆွယ်အဖွဲ့က ရရှိခဲ့တဲ့ စစ်တမ်းတွေအရ ရွေးကောက်ပွဲမှာ သူအနိုင်ရခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာခဲ့တာပါ။ ဒါ့အပြင် မဲပေးအပြီးစစ်တမ်းကောက်ယူတဲ့ အဖွဲ့တွေက သူ့ပြိုင်ဘက် Jokowi အနိုင်ရတယ်လို့ ပြနိုင်အောင် မသမာတဲ့ စစ်တမ်းတွေ ထုတ်ပြန်ခဲ့တယ်လို့ စွပ်စွဲနေကြောင်း Jakata Globe သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒါပေမယ့် အင်ဒိုနီးရှားအရေး စောင့်ကြည့်လေ့လာနေသူတွေကတော့ ဒီစစ်တမ်းကောက်ယူတဲ့ အဖွဲ့တွေကို သံသယမရှိပါဘူး။ အများလက်ခံတဲ့ စစ်တမ်းတွေမှာ ရလဒ်တွေ တူနေတယ်လို့ Australia - အင်ဒိုနီးရှားစင်တာအကြီးအကဲ Kevin Evans ကပြောပါတယ်။

“ယုံကြည်ရတဲ့ စစ်တမ်းကောက်ယူမှု အားလုံးက လက်ရှိသမ္မတပဲ နိုင်တယ်ဆိုတဲ့ အဖြေတမျိုးတည်းပဲ ထွက်ပါတယ်။ နောက်ဆုံးကျင်းပခဲ့တဲ့ သမ္မတလောင်း ၂ ဦးရဲ့ စကားစစ်ထိုးပွဲမှာ စိန်ခေါ်သူ Prabowo ဘက်က ကောင်းကောင်းပြောဆို နိုင်ခဲ့ပေမယ့် ဒါက မဲပေးသူတွေ စိတ်ပြောင်းသွားစေဖို့တော့ မသေချာပါဘူး။”

ဗုဒ္ဓဟူးနေ့ အင်ဒိုနီးရှားနိုင်ငံက ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်း ၂ သောင်း ရှိပြီး အင်ဒိုနီးရှား ဒုတိယသမ္မတ၊ အမျိုးသားအဆင့်၊ တိုင်း နဲ့ ဒေသဆိုင်ရာ လွှတ်တော်အမတ်တွေကို ဝင်ရောက် အရွေးခံကြတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အင်ဒိုနီးရှားရွေးကောက်ပွဲ သမ္မတ Widodo အလားအလာကောင်း