ရေဘေးပြီး လေဘေးထပ်ကြုံရတဲ့ အင်းလေးဒေသ

အင်းလေးဒေသမှာ လေပြင်းတိုက်ခတ်အပြီး မြင်ကွင်း (နိုဝင်ဘာ ၅၊ ၂၀၂၄)

အင်းလေးဒေသမှာ ရေဘေးသင့်ခဲ့တဲ့ နေရာတွေထဲက တချို့ရွာတွေမှာ လေပြင်းဒဏ်ကို ပြီးခဲ့တဲ့ရက်ပိုင်းထဲ ထပ်ပြီးကြုံခဲ့ရပါတယ်။ လေပြင်းတိုက်ခိုက်လို့ နေအိမ်အလုံး ၃၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့ပြီး၊ အိမ်ခြေ ၃ လုံးကတော့ လုံးဝပြိုကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဘေးကြောင့် ပြန်လည်ထူထောင်နေရချိန် လေပြင်းဒဏ်ခံလိုက်ရတဲ့ အင်းလေးဒေသထဲက အခြေအနေကို ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

အင်းလေးဒေသမှာ ပြီးခဲ့တဲ့ စက်တင်ဘာလထဲ ရေဘေးဒဏ်ကြုံခဲ့ရလို့ အခုချိန်မှာ ပြန်လည်ထူထောင်ရေး စတင်နေတာပါ။ အင်းထဲက သွားလာရခက်ခဲတဲ့ တချို့နေရာတွေမှာတော့ ပြန်လည်ထူထောင်ရေး မစတင်နိုင်သေးခင် လေပြင်းဒဏ်ထပ်ပြီး ကြုံတွေ့ခဲ့ကြပါတယ်။ နိုဝင်ဘာလ ၂ ရက်နေ့၊ ပြီးခဲ့တဲ့ စနေနေ့တုန်းက လေပြင်းတိုက်ခိုက်လို့ ကံလှရွာမှာရှိတဲ့ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသခံတဦးက ပြောပါတယ်။

"အခြေအနေတော့ ဆိုးပါတယ်ဗျ။ အကုန်လုံး တအင်းလုံးဆို အိမ်ခြေ ၃၀ လောက် ကျော်သွားတယ်ဗျ။ တရပ်ကွက်မှာ ၂အိမ်နဲ့ ၃အိမ်ပေါ့၊ အဲလိုမျိုး။ အိမ် ၃အိမ်ကတော့ အခြေအနေ တအားကြီးဆိုးသွားတယ်ဗျ။"

ကံလှရွာအရှေ့ဘက်က ကုနုရွာမှာလည်း နေအိမ်တချို့ လေပြင်းဒဏ်ကြောင့် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်ငန်းကို အဓိကအားထားနေရတဲ့ အင်းလေးဒေသထဲ အခုနှစ် ပွင့်လင်းရာသီမှာ ခရီးသွားတချို့ ပြန်ဝင်လာပေမယ့် ပြီးခဲ့တဲ့နှစ်တွေထက်စာရင် နည်းပါးတယ်လို့ ပြောပါတယ်။

"ခရီးသွားတွေတော့ ပြန်ဝင်ပြီ။ တချို့ကျတော့ ပြန်လည်ထူထောင်ရေး အနေနဲ့ကတော့ သိပ်ပြီးတော့ အဆင်မပြေဘူး။ တချို့ကျတော့ ရောက်တဲ့ရပ်ကွက်ကျတော့ ရောက်တယ်ဗျ။ မရောက်တဲ့ ရပ်ကွက်ကျတော့ မရောက်ဘူး။ အဲလိုဖြစ်နေတာဗျ။ ခရီးသွားတော့ရှိတယ်၊ နည်းတော့ နည်းတာပေါ့။ အရင်က ၁၀၀ ရာခိုင်နှုန်းမှာ ၇၅ ရာခိုင်နှုန်းလောက် အင်းထဲကိုရောက်တယ်။ အခုကျတော့ ၅၀ လောက်တောင် မရောက်သေးဘူး။ ရွာက ၂၅ ရာခိုင်နှုန်းလောက်ပဲ အင်းလေးကို ရောက်သေးတယ်ဗျ။"

ရေဘေးဒဏ်သင့်ခဲ့တုန်းက ကုန်းလမ်းပေါ် ကားလမ်းတွေအထိ ရေကျော်ခဲ့ပေမယ့် အခုချိန်မှာ သွားလာရ လွယ်ကူနေပြီလို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေကလည်း ပြောပါတယ်။

"ကုန်းဘက်တော့ ခြောက်သွားပါပြီ။ ညောင်ရွှေဆိုရင် ကားလမ်းတွေအကုန် သွားလာလို့ ရပါပြီဗျ။ အရင် ရေတက်တုန်းကဆိုရင် ညောင်ရွှေစျေးအထိမြုပ်တယ်။ ကားလမ်းပေါ်မှာ စက်လှေနဲ့သွားလို့ရတယ်။ အခုကျတော့ လမ်းတွေအကုန်လုံးက ခြောက်သွားပါပြီ။ အင်းထဲမှာတော့ တချို့နေရာ ကျန်သေးတာပေါ့နော်။"

အင်းလေးဒေသမှာ ကျေးရွာပေါင်း ၁၇၇ ရွာက လူဦးရေ ၇၄,၀၀၀ ကျော်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလထဲ ရေဘေးဒဏ် သင့်ခဲ့ပါတယ်။ ရေဘေးကြောင့် ပြန်လည်ထူထောင်ရေး စတင်နေချိန် လေပြင်းဒဏ် ထပ်ပြီးကြုံတွေ့ခဲ့တာပါ။ ခရီးသွားလုပ်ငန်းကို အမှီပြုပြီး ဝင်ငွေလည်ပတ်နေတဲ့ အိမ်ထောင်စုတွေကလည်း အခုနှစ်ပွင့်လင်းရာသီမှာ ဧည့်သည်လာလည်မှာကို မျှော်လင့်နေကြပါတယ်။