မြန်မာနိုင်ငံတွင်း ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတွေကြီးမားနေပြီး ပြန်လည်ထူထောင်ရေးအတွက်ဆိုရင် စစ်စရိတ်လျှော့သုံးဖို့နဲ့ နိုင်ငံတကာအကူအညီထိထိရောက်ရောက်ယူဖို့လိုတယ်လို့ ဝေဖန်ထောက်ပြမှုတွေရှိပါတယ်။ လမ်းပမ်းအခက်အခဲတွေနဲ့ ပျက်စီးမှုပမာဏကျယ်ပြန်တာကြောင့် ကူညီရေးလုပ်ငန်းတွေနှောင့်နှေးအားနည်းနေတယ်လို့အကူအညီပေးနေသူတွေက ပြောပါတယ်။ ကိုဝင်းမင်း ဆက်သွယ်မေးမြန်းထားပါတယ်။
လက်ရှိ ရေဘေးပြင်းထန်ခဲ့တဲ့ ရမည်းသင်းဘက်မှာ ၁၀ ရက်နီးပါး သွားကူခဲ့တဲ့ အမည်မဖော်လိုသူက ကြုံတွေ့ခဲ့ရတာကိုအခုလို ရှင်းပြပါတယ်။
“ရမည်းသင်းဘက်မှာ တကယ်တောင်ပြိုကျပြီးတော့ ရေစီးနဲ့ပါသွားတဲ့ကျေးရွာတွေရှိတယ်။ တောင်ပေါ်ကနေပြီးတော့။ တချို့ကျတော့လည်း ရွာလုံးကျွတ်အိမ်တွေမရှိကြတော့ဘူး။ တချို့ကျတော့လည်း ရွာတဝက်က ပျက်သွားတယ်။ တရွာတရွာကို အိမ်ခြေတရာကျော်လောက်တော့ ရှိတယ်ခင်ဗျ။ ရွာတွေက အများကြီးပဲ။ ၇ ရွာ၊ ၈ ရွာလောက်တော့ရှိတယ်။ အခုလက်ရှိ အလှူရှင်တွေရောက်နေတဲ့ရွာတွေကိုပြောတာ။ အလှူရှင်တွေမရောက်တဲ့ရွာတွေလည်း အများကြီးရှိတယ်လို့ ပြောတယ်။ သေဆုံးမှုကတော့ ခန့်မှန်းခြေ ၂၀၀ ကျော်လောက်ကတော့ ရှိတယ်ခင်ဗျ။ အဲဒါ ရမည်းသင်းရွာတွေ အကုန်လုံးပေါင်းရင်ပြောတာ။ ကျန်တာကတော့ တိရစ္ဆာန်တွေ (သေတာ)အကုန်လုံးပေါင်းရင်း ၂,၀၀၀ ကျော်လို့ ပြောတယ်။ အခု တိရစ္ဆာန်တွေသေတယ်ဆိုတာ စိုက်ပျိုးရေးတွေ လုပ်တဲ့နေရာ၊ သူတို့ကကျတော့ တောင်ခြေရွာတွေဖြစ်တော့ ရွာလုံးကျွတ်တွေ အိမ်ခေါင်မိုးတွေအထိပါ ရွာလုံးကျွတ်မြုပ်ကုန်တာ။ မြုပ်တော့ တိရစ္ဆာန်တွေက ပြေးလို့မရဘူး၊ သေကုန်ကြတာ။ ရွှေတူးတာက သပ်သပ် တနေရာ။ ဒါက ရမည်းသင်းမြို့နယ်မှာပဲ ရှိသေးတာ။”
ဒါ့အပြင် နေပြည်တော် တပ်ကုန်းဘက်နဲ့ နောက် တောင်ငူကနေ စစ်တောင်းမြစ်တလျှောက်က ရေဘေးသင့်တဲ့နေရာတွေကို အစားအသောက်၊ အဝတ်နဲ့ စောင်တွေ သွားပို့ပေးခဲ့တဲ့ ဒေါက်တာ ဇော်လင်းကလည်း ဒီတခေါက်ရေဘေးကြီးမားလွန်းတာကို အခုလို ထောက်ပြပါတယ်။
“ဒီတခေါက်ကကျတော့ အရင်နှစ်တွေနဲ့ဘာကွာလဲဆိုလို့ရှိရင် အရင်တုန်းကတော့ ဥပမာ ဆိုကြပါစို့- ဟင်္သာတရေဘေး ကျနော်တို့သွားဖူးတယ်။ ပဲခူးဆိုလည်း နှစ်ခေါက်သုံးခေါက်သွားဖူးတယ်။ ပေါင်မှာမြေပြိုတာတို့၊ ကျိုက်မရောမှာရေကြီးတာတို့ ကျနော်တို့သွားဖူးတယ်။ အဲတုန်းကတော့ Specific Region ပေါ့နော်၊ အဲဒီနေရာမှာပဲ ဖြစ်တယ်။ အခုကျတော့ နေရာက အရမ်းများသွားတာပေါ့။ ဥပမာ ကလောမှာဖြစ်တယ်၊ အင်းလေး မှာဖြစ်တယ်။ လွိုင်ကော်၊ နောက် တာချီလိတ်။ နောက် နေပြည်တော်တဝိုက် တပ်ကုန်း၊ ဧလာဘက်၊ နောက်ခုတခါ တောင်ငူပေါ့။ အဲလိုမျိုး တခြားနေရာတွေလည်း ရှိသေးတယ်။ မုန်တိုင်းအရှိန်နဲ့ရေကြီးတာကျတော့ ဧရိယာကျယ်ပြီးကြီးတယ်ပေါ့။ ပျက်စီးမှုက အရင်နှစ်တုန်းက ပဲခူးဆိုရင်လည်း ပဲခူးနေရာဒေသတဝိုက်လောက်ပဲပေါ့။ (ဒီနှစ်ကျတော့) ဖြစ်တဲ့ဧရိယာက အပြန့်လိုက်ကြီးဖြစ်နေတဲ့အခါကျတော့ လှူတဲ့သူတွေ၊ ကူညီတဲ့သူတွေလည်း ပိုပြီးတော့ ဗျာများရတဲ့သဘောလေးတော့ရှိတာပေါ့။ ”
ဒီ ကြီးမားတဲ့ ပျက်စီးမှုတွေကြောင့် ကူညီပေးရေး စိန်ခေါ်ချက်တွေကိုလည်း ရမည်းသင်းဘက် သွားကူခဲ့သူက အခုလိုဆက်ရှင်းပြပါတယ်။
“အခုလောလောဆယ် ကျနော်တို့ကူညီမယ့် သူတို့နေရာကို ကိုယ်တိုင်ကိုယ်ကျ အလှူရှင်နဲ့အလှူခံမယ့်သူနဲ့ ဒါရိုက်တွေ့ဖို့က လမ်းတွေက တချို့တဝက်က ပေါက်တယ်။ တချို့တရွာတွေကျတော့ မပေါက်သေးဘူး။ အခုထက်ထိ ဖောက်နေရတုန်း။ မိုးလေဝသကိုကြည့်ပြီး လုပ်နေရတာမို့လို့ အဓိက စားသောက်ကုန်နဲ့အဝတ်အထည်ကိုပဲ ပို့ပေးပါတယ်ခင်ဗျ။ အဝတ်တထည်ကိုယ်တခု...တချို့ဆို အိမ်အလုံးလိုက်ပါသွားတာဆိုတော့ ဘာဆိုဘာမှ မရှိတော့တာ အဲလိုမျိုးတွေဖြစ်ကုန်တာ။ တခါမှ အရင်ဒီလိုမဖြစ်ဖူးခဲ့တဲ့ တောင်ပေါ်ဒေသတောင်မှ ရေကြီးတာဆိုတော့ အခြေအနေကတော့ ဆိုးတယ်။”
အခုလို အရင် ရေဘေးတွေထက် အများကြီးဆိုးတဲ့ အခြေအနေမှာ စစ်ကောင်စီအနေနဲ့ လုပ်ဆောင်ပေးနိုင်တာကတော့အများကြီး အားနည်းနေသေးတယ်လို့ CDM ဗိုလ်မှူး နောင်ရိုးက ထောက်ပြပါတယ်။
“လက်ရှိအချိန်ထိကတော့ ရေဘေးသင့်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့လုပ်ဆောင်မှုတွေကတော့ ထိထိရောက်ရောက်လုပ်နိုင်တာ မတွေ့ရဘူးဖြစ်နေတယ်။ ပြီးခဲ့တဲ့အပတ်ကပဲ စစ်ခေါင်းဆောင်က ပြောတယ်ပေါ့နော်။ ဒီရေဘေးအလှူငွေ (ကျပ်) ဘီလီယံ ၃၀ ဆိုတာကလည်း တကယ့်တကယ်တော့ ဘာမှ လောက်လောက်လားလား ပမာဏမဟုတ်ဘူး။ ပြီးတော့ ကျနော်တို့တိုင်းပြည်ကိုပြန်ကြည့်ရင်တော့ စစ်အာဏာသိမ်းမှုပြီးကတည်းက တိုင်းပြည်ဟာ စီးပွါးရေးဆုံးရှုံးထိခိုက်မှုကို ရင်ဆိုင်နေရတယ်။ ဒီလိုအခြေအနေမှာပဲ အခု တနိုင်ငံလုံး ရေဘေးဖြစ်ရပ်က လူထုအပေါ် ပိုပြီးတော့ ဆုံးရှုံးရမှုတွေ ကြီးကြီးမားမားကြုံတွေ့ရတဲ့ဖြစ်ရပ်လို့ ပြောရမှာပေါ့နော်။ အဲဒီတော့ ပြည်သူလူထုကတော့ ဗူးလေးရာ ဖရုံဆင့်ရတဲ့အဖြစ်နဲ့ သမိုင်းတလျှောက်မှာ အကြီးမားဆုံး ဘေးဒုက္ခကြုံနေရတဲ့အဖြစ်လို့ ပြောလို့ရနိုင်ပါတယ်။ အဲဒီတော့ကျတော့ စစ်ကောင်စီအနေနဲ့ စစ်ရေးအသုံးစရိတ်တွေပဲ အဓိကသုံးစွဲနေတဲ့ နိုင်ငံ့ဘဏ္ဍာတွေကို လူထုအတွက် ပြန်ကြည့်ဖို့၊ ပြန်သုံးစွဲဖို့လိုတယ်။ ဒါ့အပြင်ပြည်တွင်းပြည်ပက အကူအညီပေးမှုတွေကိုလည်း လွတ်လပ်စွာလုပ်ဆောင်ခွင့်ပေးဖို့ လိုအပ်တယ်။”
ဒါ့အပြင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူ၊ လက်ရှိ ဝါရှင်တန်ဒီစီမြို့တော်ရှိGeorge Washington တက္ကသိုလ်က ဧည့်ပညာရှင် ဦးဝင်းမျိုးသူကလည်း ဒီ အကူအညီ မလုံလောက်နိုင်တဲ့ အခြေအနေကို ခုလို သုံးသပ်ပြပါတယ်။
“အဓိက,ကတော့ ပျက်စီးဆုံးရှုံးမှုကတော့ များမယ်၊ အဲဒီအတွက် ပြန်လည်ထူထောင်ရေးအတွက်ကို ရရှိနိုင်တဲ့ဘတ်ဂျက်ကတော့ နည်းတာပေါ့နော်။ လက်ရှိအခြေအနေမှာက damage assessment ကို သေချာလုပ်ဖို့လိုတာပေါ့နော်။ ဘယ်ဒေသတွေမှာဘယ်လောက်ပျက်လဲ ပေ့ါနော်၊ အဲလိုလုပ်မယ်ဆိုရင်တောင်မှ နယ်မြေမငြိမ်းချမ်းမှုနဲ့ သေချာလုပ်ဖို့က ခက်နေတယ်။ အဲဒီတော့ underestimate ပေ့ါ၊ တကယ်ဖြစ်-ပျက်သွားတာထက် နည်းပြီး ခန့်မှန်းနိုင်တယ်၊ အဲဒီလို နည်းပြီးခန့်မှန်းတာတောင်မှ ပြန်လည်ထူထောင်ဖို့ ငွေကြေးလိုအပ်ချက်က သံသယရှိစရာမလိုဘူး၊ လုံလောက်မှာမဟုတ်ဘူးပေါ့။ မြန်မာပြည်ရဲ့အစဥ်အဆက်မှာ ဒီလိုပြန်လည်ထူထောင်ရေးအတွက်ဘတ်ဂျက်က ကြိုပြီးတော့ ပြင်ဆင်ထားမှသာလျင် ပေးနိုင်မှာပေါ့။ အခုမှ သဘာဝဘေးဖြစ်တော့မှ ကောက်ကာငင်ကာနဲ့ ဖုတ်ပူမီးတိုက် အလှူငွေတွေထည့်ကြပါအုံး၊ ပြုကြပါအုံးဆိုတာကတော့ ဆင့်ပါးစပ်နှမ်းပက်ပဲ။ ပျက်စီးသွားတဲ့လယ်ယာဧက,က အနည်းဆုံး သိန်းချီတယ်ဆိုတော့ ဒီလယ်ယာမြေကို ပြန်ပြီးတော့ ပြုပြင်မယ်ပေါ့။ အနည်းဆုံးက အောက်ထစ် ဒေါ်လာ ၁၀၀ နဲ့ပဲတွက်ကြည့်အုံးလေ။ ၁၀၀ ကို စောက တသိန်းနဲ့မြှောက်ရင်ကိုပဲ ဒေါ်လာ ၁၀ သန်းမက ကုန်နေပြီလေ။ ဆိုတော့ ရှိတဲ့ သုံးသန်းဆိုတာက ဒီလယ်ယာမြေတွေကို ပြုပြင်ဖို့ဆိုတာက အဝေးကြီးပဲနေမှာပေါ့နော်၊ နောက် ဒီ့အပြင်ကို ကျောင်းတွေ၊ ဆေးရုံတွေ၊ ဆေးခန်းတွေ၊ လမ်းတွေပျက်တဲ့နေရာတွေလည်း ပြန်ပြင်ဖို့တွေ ရှိအုံးမှာပေါ့။ နောက် လူတွေကိုနေရာချထားရေးအတွက် ဒီကာလထဲမှာ သူတို့ရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပျက်စီးသွားတာတွေ ရှိတာပဲ၊ အဲဒီအတောအတွင်းမှာ ထောက်ပံ့ပေးဖို့ ငွေရှိတယ်။”
တကယ်တော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ပြီးခဲ့တဲ့ စနေက နေပြည်တော်မှာလုပ်တဲ့ ရေဘေးအလှူငွေပွဲမှာဒီ ရေဘေးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း အဆိုးဝါးဆုံးဖြစ်ပြီး ထိခိုက်ပျက်စီးမှု အလွန်များပြားတယ်လို့ ပြောခဲ့ပါသေးတယ် ခင်ဗျာ။
Forum