အီရန်လောင်စာဈေးမြှင့်လို့ ပြည်သူတွေ ဆန္ဒပြ

အီရန်တွင် လောင်စီဆီဈေး တိုးမြှင့်မှုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြနေသူများ။ (နိုဝင်ဘာ ၁၅၊ ၂၀၁၉)

(Zawgyi / Unicode)

အမေရိကန်က ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စီးပွားရေး ကျဆင်းလာတဲ့ အီရန်နိုင်ငံမှာ လောင်စာဆီဈေးနှုန်းတွေကို ရုတ်တရက် တိုးမြှင့်လိုက်တဲ့အပေါ် စိတ်ဆိုးဒေါသထွက်နေကြတဲ့ အီရန်ပြည်သူတွေ မြို့ ၅ မြို့မှာ လမ်းပေါ်ထွက် ဆန္ဒပြလာကြပါတယ်။ အင်တာနက်အွန်လိုင်းကနေလည်း ပြစ်တင် ပြောဆိုလာကြတာပါ။

အစိုးရပိုင် National Iranian Oil Products Distribution Company က ကြိုတင်အသိမပေးဘဲ လောင်စာဆီဈေးနှုန်းတွေကို မနေ့ သောကြာနေ့မနက် အစောပိုင်းမှာပဲ ၅၀ ရာခိုင်နှုန်းထိ ရုတ်တရက် တိုးမြှင့်လိုက်တာပါ။

အစိုးရက ထောက်ပံ့ပေးနေတဲ့ လောင်စာဆီဈေးနှုန်းကို တလီတာ ၈ ဆင့်ကနေ ၁၃ ဆင့်ထိ တိုးပြီး သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ ခွဲတမ်းကျ ရောင်းပေးမယ့် အစီအစဉ်သစ်အရ ကိုယ်ပိုင်ကားတစင်းအတွက် ဈေးနှုန်းသစ်နဲ့ တလကို လီတာ ၆၀ ဝယ်ယူခွင့်ရကြမှာ ဖြစ်ပါတယ်။ ခွဲတမ်းရတာထက် ပိုပြီး ဝယ်ယူမယ်ဆိုရင်တော့ လောင်စာဆီ တလီတာကို ၂၆ ဆင့်ထိ ပေးကြရမှာဖြစ်ပါတယ်။

ဈေးနှုန်းအသစ်နဲ့ ဆီတွေကို ခုလို ခွဲတမ်းကျ ဝယ်ယူခွင့်ရမယ့် စနစ်သစ်က အီရန်နိုင်ငံထဲက ၃ ပုံ ၁ ပုံလောက်ရှိတဲ့ နွမ်းပါးပြည်သူ သန်း ၆၀ ကို ငွေကြေးထောက်ပံ့ပေးဖို့ ဖြစ်တယ်လို့ ဒုသမ္မတ Mohammad Bagher Nobakht ကို ကိုးကားပြီး အီရန်အစိုးရ ရုပ်မြင်သံကြားဌာနက ကြေညာသွားပါတယ်။

လာမယ့် ၁၀ ရက်အတွင်း ငွေကြေးထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့လည်း ဒုသမ္မတက ပြောပါတယ်။

ဒါပေမယ့်လည်း အီရန်နိုင်ငံသား အတော်များများကတော့ ဒါကို လက်မခံကြသလို စီးပွားရေး ခက်ခဲနေတဲ့အချိန်မှာ သူတို့အပေါ် ပိုပြီး ဝန်ပိအောင်လုပ်တဲ့ လုပ်ရပ်လို့ ရှုမြင်နေကြတာလည်း ဖြစ်ပါတယ်။

အီရန်ရဲ့ အဓိကဝင်ငွေဘဏ္ဍာဖြစ်တဲ့ ရေနံတင်ပို့မှုအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ခဲ့တာကြောင့် ဒီနှစ်ထဲ အီရန်ရဲ့ စီးပွားရေး ၉ ရာခိုင်နှုန်းထိ ကျဆင်းသွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

----------------------------------

(Unicode)









Your browser doesn’t support HTML5

အီရန်လောင်စာဈေးမြှင့်လို့ ပြည်သူတွေ ဆန္ဒပြ