အီရန် နိုင်ငံတလွှား အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေကြောင့် အဖမ်းခံခဲ့ရသူပေါင်းဟာ ၃၇၀၀ လောက် ရှိနေပြီး ဒါဟာ အရင်က ခန့်မှန်းထားတာ ထက် အဆမတန် များနေတယ်လို့ အီရန် လွှတ်တော်အမတ်တဦးက ပြောပါတယ်။
လွှတ်တော်အမတ် Mahmoud Sadeghi က အဖမ်းခံရသူ အရေအတွက်ကို အစိုးရ သတင်းဌာန ICANA မှာ အင်္ဂါနေ့က ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေကို လုံခြုံရေး တာဝန်ခံ အများအပြားက ဖမ်းဆီးခဲ့တာမို့ ဘယ်နှစ်ယောက်ကို ဖမ်းတယ်ဆိုတာ အတိအကျ ရေတွက်ဖို့ ခက်ခဲခဲ့တာ ဖြစ်ကြောင်းလည်း ရှင်းလင်းခဲ့တာပါ။
Amnesty International လူ့အခွင့်ရေး အဖွဲ့ကြီးကတော့ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်ကျော်က အစိုးရဆန့်ကျင် ဆန္ဒပြသူတွေကို ချေမှုန်းခဲ့ပြီးတဲ့ နောက်ပိုင်း အဖမ်းခံနေရသူတွေထဲက သေဆုံးသူ အနည်းဆုံး ၅ ဦး ရှိနေတာမို့ ဒါကို ချက်ချင်း စုံစမ်းစစ်ဆေးပေးဖို့ အီရန် အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။
အီရန်နိုင်ငံက အကျဉ်းထောင်တွေမှာ ညှင်းပမ်း နှိပ်စက်မှု အပါအဝင် ဆိုးဝါးတဲ့ အခြေနေရှိနေတယ်လို့ AI အဖွဲ့ရဲ့ အင်္ဂါနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အဖမ်းခံရစဉ် သေဆုံးခဲ့သူတွေအတွက် လွတ်လပ်တဲ့ အဖွဲ့ရဲ့ ဆေးစစ်ချက်အပါအဝင် ပွင့်လင်းမြင်သာပြီး သီးခြားလွတ်လပ်တဲ့ စုံစမ်းမှုတွေ ချက်ချင်း လုပ်ပေးဖို့ AI အဖွဲ့ရဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်ပိုင်း အာဖရိက ဆိုင်ရာ ဒုတိယ အကြီးအကဲက အီရန် အာဏာပိုင်တွေကို တောင်း ဆိုလိုက်တာပါ။
တချိန်ထဲမှာပဲ အီရန်နိုင်ငံရဲ့ ဥသျှောင် Ayatollah Ali Khamenei က အမေရိကန်ဟာ အီရန်အရေးကိစ္စမှာ ကြားဝင်နှောက်ယှက်ဖို့ ကြိုးစားပေမယ့် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့တယ်လို့ အင်္ဂါနေ့မှာပဲ ပြောကြားလိုက်ပါတယ်။
Your browser doesn’t support HTML5
ဆန္ဒပြသူ ၄ ထောင်နီးပါး အီရန်ဖမ်းဆီး