IS တွေ Mosul မြို့တွင်းက ခုခံဆဲ

အီရတ်နိုင်ငံထဲမှာ IS စစ်သွေးကြွအဖွဲ့ဟာ Mosul မြို့ အနောက်ဘက်ပိုင်းရဲ့ နေရာတဝက်လောက်မှာ နောက်ဆုံး ခိုအောင်းနေတာဖြစ်ပြီး အဲဒီနေရာကို အမေရိကန်တပ်တွေရဲ့ အကူအညီနဲ့ သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ အီရတ်တပ်တွေဟာ အပြင်းအထန် ပြန်လည် တိုက်ခိုက်မှုကို ခံနေရတယ်လို့ အီရတ်စစ်ဘက် အရာရှိတွေက ပြောပါတယ်။

အခုအခါမှာ Mosul လေယာဉ်ကွင်းကို ပြန်သိမ်းထားတဲ့ အထူးတပ်ဖွဲ့ အများအပြားက မြို့လယ်က မြောက်ပိုင်းကို သွားနေပြီး သူတို့ဟာ တူရကီကောင်စစ်ရုံးနဲ့ တခြားအစိုးရ အဆောက်အဦးတွေကို ပြန်ပြီးသိမ်းပိုက်ဖို့ စီစဉ်ထားတယ်လို့ ဒုဗိုလ်မှူးကြီး Abdulamir al-Mohammadawi က ပြင်သစ်သတင်းဌာနကို ပြောပါတယ်။

အီရတ်တပ်တွေဟာ IS တွေ သိမ်းထားတဲ့ မြို့တွင်းကို တိုးသွားလေလေ ပြင်းထန်တဲ့ ခုခံမှုတွေနဲ့ ရင်ဆိုင်ရလေလေ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ IS တွေဟာ ဒေသခံတွေ နေနေတဲ့ အိမ်တွေကို လူသားဒိုင်းသဖွယ် အသုံးပြုပြီး ခုခံနေတယ်လို့ ပြောပါတယ်။

Mosul တိုက်ပွဲအတွက် သတင်းယူနေတဲ့ Kurd သတင်းဌာနက စစ်သတင်းထောက် အမျိုးသမီး တဦးဟာ စနေနေ့ မနက်ပိုင်းမှာပဲ သေဆုံးသွားတယ်လို့ အီရတ် Kurd သတင်းဌာနက ပြောပါတယ်။ သေဆုံးသွားတဲ့ သတင်းထောက်ဟာ Shifa Gardi ဖြစ်ပါတယ်။

Your browser doesn’t support HTML5

IS တွေ Mosul မြို့တွင်းက ခုခံဆဲ