IS အစွန်းရောက် အကြမ်းဖက်ဝါဒီအဖွဲ့ရဲ့ ခေါင်းဆောင်လို့ဆိုသူက သူ့ရဲ့နောက်လိုက်တွေကို အမှာစကားပြောတာကို ရိုက်ယူ ထားတဲ့ ဗွီဒီယိုအသစ်တခု ထွက်လာပါတယ်။ အီရတ်နဲ့ ဆီးရီးယားမှာ IS အဖွဲ့က သူတို့ဖာသာကြေညာထားတဲ့ ကာလီဖိတ် အစ္စလာမ်မစ်နိုင်ငံတော် ကျဆုံးသွားရတဲ့အပေါ် တုန့်ပြန် လက်စားခြေကြဖို့ အဲဒီဗွီဒီယိုထဲမှာ IS အဖွဲ့ခေါင်းဆောင်ဆိုသူက တိုက်တွန်းထားပါတယ်။
IS အဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေးဌာန al-Furqan က အင်တာနက်ပေါ်မှာ တင်လိုက်တဲ့ ၁၈ မိနစ်ကျော်ကြာ ဗွီဒီယိုထဲမှာ IS အဖွဲ့ရဲ့ ခေါင်းဆောင်လို့ သိထားကြတဲ့ Abu Bakr al-Baghdadi လို့ဆိုသူက စကားပြောထားတာပါ။
ဗွီဒီယိုထဲမှာပါသူဟာ မျက်နှာတွေကို ဝါးထားတဲ့ ဒါမှမဟုတ် မျက်နှာဖုံးစွပ်ထားတဲ့ တခြား IS အဖွဲ့ဝင်တွေနဲ့ စကားပြောနေတာကို တွေ့ရပါတယ်။ သူတို့ပြောတာတွေထဲမှာ ဆီးရီးယားနိုင်ငံ၊ Baghuz မြို့က IS နယ်မြေ ဆုံးရှုံးသွားတဲ့အကြောင်း ပြောထားသလို သီရိလင်္ကာနိုင်ငံမှာ လူ ၂၅၀ ကျော်သေဆုံးခဲ့ရတဲ့ အီစတာ တနင်္ဂနွေနေ့က အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုကို ချီးကျူး ပြောဆိုထားပါတယ်။
ဗွီဒီယိုထဲမှာ ပါတဲ့လူဟာ တကယ်ပဲ IS ခေါင်းဆောင်လားဆိုတာ ချက်ခြင်း အတည်မပြုနိုင်သေးဘူးလို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ တကယ်လို့ အဲဒီလူဟာ Baghdadi ဖြစ်တယ်လို့ အတည်ပြုနိုင်မယ်ဆိုရင်တော့ ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သူပြန်ပေါ်လာတာ ဖြစ်ပါလိမ့်မယ်။
Your browser doesn’t support HTML5