အစ္စရေးခေါင်းဆောင်တွေကို ICC ဖမ်းဝရမ်းထုတ်ဖို့စီစဉ်မှု ကန်သမ္မတပြစ်တင်ဝေဖန်

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့မှာရှိိတဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံး။ (ဧပြီ ၃၀၊ ၂၀၂၄)

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu အပါအဝင် အကြီးတန်းအရာရှိတွေကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ရှေ့နေချုပ်က စီစဥ်နေတဲ့အပေါ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တနင်္လာနေ့မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ အလွန်စိတ်ပျက်စရာကောင်းတယ်လို့လည်း ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း အလားတူ ပြစ်တင်ရှုတ်ချပြီး ICC တရားရုံးရဲ့ တရားစီရင်ပိုင်ခွင့်နဲ့ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်လွှာတင်သွင်းတဲ့လုပ်ငန်းစဥ်ကိုပါ မေးခွန်းထုတ်ခဲ့ပါတယ်။ အစ္စရေးလ်နဲ့ ဟာမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲပြီး အပြန်အလှန်အားဖြင့် ဓားစာခံတွေပြန်လွှတ်ပေးနိုင်ဖို့ ညှိနှိုင်းမှုတွေဟာလည်း ဒီလုပ်ရပ်ကြောင့် ပျက်စီးသွားနိုင်တယ်လို့ပြောပါတယ်။

အစ္စရေး-ဟာမတ်စ် စစ်ပွဲမှာ လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုစွဲချက်တွေနဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu၊ ကာကွယ်ရေးဝန်ကြီး Yoav Gallant၊ ဂါဇာမှာရှိတဲ့ ဟာမတ်စ်အဖွဲ့အကြီးအကဲ ၃ ဦးနဲ့ အရာရှိတချို့ကို ဖမ်းဝရမ်းထုတ်ဖို့ စီစဉ်နေကြောင်း ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးအကြီးအကဲ Karim Khan က မေလ ၂၀ ရက်နေ့မှာကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဂါဇာဒေသက ခုနစ်လကျော်ကြာစစ်ပွဲမှာ လူ၅ ဦးတို့ဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေကျူးလွန်ခဲ့တယ်လို့ ယုံကြည်ရတဲ့ ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်ရှိတယ်လို့ ICC အကြီးအကဲ Khan ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစ္စရေးလ်သမ္မတ Issac Herzog ကတော့ ဒီဆုံးဖြတ်ချက်ဟာ အလွန်အမျက် ဒေါသထွက်စရာကောင်းသလို နိုင်ငံတကာတရားရေးစနစ်ကြီး ပျက်စီးတော့မယ့် အနေအထားကိုရောက်နေပြီလို့ပြောပါတယ်။ အစ္စရေးလ်နိုင်ငံခြားရေးဝန်ကြီး Israel Katz ကလည်း သမ္မတ Herzog ရဲ့မှတ်ချက်အတိုင်း ဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးတို့ကို ICC ရဲ့ ဖမ်းဝရမ်းထုတ်ဖို့ကြိုးပမ်းချက်ဟာ အမျက်ထွက်စရာဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောပါတယ်။​

Your browser doesn’t support HTML5

အစ္စရေးခေါင်းဆောင်တွေကို ICC ဖမ်းဝရမ်းထုတ်ဖို့စီစဉ်မှု ကန်သမ္မတပြစ်တင်ဝေဖန်