သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလုပ်ရပ် စစ်ရာဇဝတ်မှုမြောက်ဟု HRW ထုတ်ပြန်


Khan Yunis မြို့မှာအစ္စရေးဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြိုကျသွားတဲ့အဆောက်အဦးကို ကြည့်ရှုစစ်ဆေးနေတဲ့ ပါလက်စတုိင်းများ။ (ဒီဇင်ဘာ ၂၁၊ ၂၀၂၃)
Khan Yunis မြို့မှာအစ္စရေးဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြိုကျသွားတဲ့အဆောက်အဦးကို ကြည့်ရှုစစ်ဆေးနေတဲ့ ပါလက်စတုိင်းများ။ (ဒီဇင်ဘာ ၂၁၊ ၂၀၂၃)

ဂါဇာစစ်ပွဲနဲ့ပတ်သက်တဲ့ အစ္စရေးရဲ့လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်နေတယ်လို့ နယူးယောက်အခြေစိုက် Human Rights Watch_ HRW အဖွဲ့ကစွပ်စွဲလိုက်ပြီး ဒီလို ကျူးလွန်မှုဖြစ်အောင် မဟာမိတ်နိုင်ငံတွေက အားပေးအားမြှောက်ပြုနေတယ်လို့လည်း HRW ရဲ့ ကြာသပတေးနေ့ထုတ်ပြန်တဲ့ နှစ်ပတ်လည်လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖေါ်ပြလိုက်ပါတယ်။ HRW ရဲ့အစီရင်ခံစာနဲ့ပတ်သက်လို့ အစ္စရေးဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်ပယ်ချလိုက်ပြီး သူတို့လုပ်ရပ်ဟာ စစ်ရာဇဝတ်မှု မဟုတ်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုနဲ့ စစ်ကာလ ရက်စက်မှု အခြေအနေတွေဟာ စံချိန်တင်လောက်အောင် ဆိုးရွားခဲ့တယ်လို့ ဒီအစီရင်ခံစာမှာ သုံးသပ်ထားပြီး နိုင်ငံပေါင်း ( ၁၀၀ )နီးပါးက အခြေအနေကို လေ့လာ တင်ပြထားတာပါ။

အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ်တို့က အစ္စရေးကိုတိုက်ခိုက်ခဲ့တဲ့အပေါ်မှာ လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာမှာရှိတဲ့ အရပ်သား ၂.၃ သန်းကို ရေနဲ့ လျှပ်စစ်မီး ဖြတ်တောက်တာ၊ သွားလာရေးလမ်းကြောင်းတွေ ပိတ်ဆို့ခဲ့တာ၊ လောင်စာဆီ၊ အစာရေစာနဲ့ စာနာမှုအကူအညီတွေ ပုံမှန်မဝင်ရောက်နိုင်အောင် တင်းကျပ်ထားတာ စတဲ့ အစ္စရေးရဲ့လုပ်ရပ်တွေကို အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

ဒီအစီရင်ခံစာကို ပူးတွဲရေးသားသူ၊ HRW ရဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကဆိုင်ရာ တာဝန်ရှိသူ Lama Fakih ကတော့ လူ့အခွင့်အရေးကို ထိန်းသိမ်းရမယ့် စနစ်ကြီးတခုလုံး အောက်ခြေကစ ယိုယွင်းပျက်စီးနေပြီလို့ VOA ကို ပြောဆိုပါတယ်။ ကျူးလွန်သူတွေပဲဖြစ်ဖြစ်၊ ကျူးလွန်ခံရသူတွေပဲဖြစ်ဖြစ် လူ့အခွင့်အရေးကို လိုက်နာစောင့်ထိန်းရမယ်လို့ သူက သတိပေးလိုက်ပါတယ်။ ဒါ့အပြင် ရုရှား၊ တရုတ် နိုင်ငံတွေဟာလည်း လက်နက် အင်အားကြီးမှုနဲ့ တရားဝင်မှုကို တည်ဆောက်ပြီး လူ့အခွင့်အရေး တန်ဖိုးတွေကို ပစ်ပယ်နေကြောင်း၊ အဲဒီကတဆင့် အတောမသတ်တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆက်ဖြစ်နေကြောင်း HRW အစီရင်ခံစာက ဖေါ်ပြပါတယ်။

အာဖဂန်နစ္စတန်မှာ တာလီဘန်တွေလက်အောက် အမျိုးသမီးတွေ ဖိနှိပ်ခံနေရသလို အိန္ဒိယ၊ ရဝမ်ဒါနဲ့ တရုတ်နိုင်ငံတွေဟာ နိုင်ငံရေးအယူအဆမတူလို့ နိုင်ငံခြားမှာ နေထိုင်နေကြတဲ့ သူတို့နိုင်ငံသားတွေအပေါ် ဒုက္ခပေးနေတဲ့ကိစ္စတွေကိုလည်း အစီရင်ခံစာမှာ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ယူကရိန်းကျူးကျော်စစ်နဲ့ပတ်သက်လို့ ရုရှားသမ္မတပူတင်ကို ICC နိုင်ငံတကာ ရာဇဝတ်တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့တဲ့အပေါ် HRW က ချီးကျူးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG