အစ္စရေးရဲ့ အကြီးဆုံးအလုပ်သမားသမဂ္ဂ ဂါဇာအပစ်ရပ်ရေး ဆန္ဒပြ

ပါလက်စတိုင်းတွေပိုင်နက်ထဲမှာ အသတ်ခံလိုက်ရတဲ့ အစ္စရေးဓားစာခံ ၆ ယောက်သေဆုံးပြီးနောက် ဟာမတ်စ်တွေနဲ့အပစ်ရပ်ရေးတောင်းဆိုဆန္ဒပြနေကြတဲ့ အစ္စရေးပြည်သူများ။ (စက်တင်ဘာ ၂၊ ၂၀၂၄)

၁၁ လကြာပြီဖြစ်တဲ့ ဂါဇာစစ်ပွဲအဆုံးသတ်နိုင်ရေး အပစ်ရပ်သဘောတူညီမှုရအောင် အစိုးရကိုဖိအားပေးနဲ့အနေနဲ့အစ္စရေးရဲ့ အကြီးဆုံး အလုပ်သမားသမဂ္ဂက ဦးဆောင်ပြီး တနင်္လာနေ့မှာ အထွေထွေသပိတ် ဆင်နွှဲပါတယ်။အောက်တိုဘာလမှာ စစ်ပွဲစတင်ခဲ့တဲ့နောက်ပိုင်း အစိုးရဆန့်ကျင်ရေး အကြီးဆုံးအလုပ်သမား ဆန္ဒပြပွဲလည်းဖြစ်ပါတယ်။ ဂါဇာဒေသထဲက Rafah မြို့ရဲ့ မြေအောက်ဥမင်လှိုဏ်ခေါင်း ထဲမှာ ဓားစာခံနောက်ထပ် ၆ ဦး သေဆုံးနေတာကိုတွေ့ရှိခဲ့ပြီးတဲ့နောက် ရက်ပိုင်းအကြာမှာ ဆန္ဒပြပွဲပေါ်ပေါက်လာတာပါ။

အထွေထွေသပိတ်ဆင်နွှဲဖို့ အလုပ်သမားသမဂ္ဂက အချိန်မီသတိမပေးခဲ့တဲ့အတွက်ဆိုပြီး တရားရုံးအမိန့်နဲ့ ဆန္ဒပြပွဲတွေကို နေ့ခင်းပိုင်းမှာ ရပ်နားခဲ့ပါတယ်။ ဝန်ကြီးချုပ် Benjamin Netanyahu သာ ဟာမတ်စ်တို့နဲ့ အပစ်ရပ်သဘောတူခဲ့ရင်ဓားစာခံတွေ သေဆုံးရမှာမဟုတ်ဘူးဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်လာပါတယ်။ ဒါပေမယ့်လည်းအစ္စရေးလ် ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်အများစုက အစ္စရေးရဲ့ ရေရှည် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်နိုင်တဲ့အတွက်ဆိုပြီး ဟာမတ်စ်တို့နဲ့အပစ်ရပ်ဖို့ လက်မခံကြပါဘူး။

ဒီအတောအတွင်းမှာပဲ ဗြိတိန်အစိုးရက အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်ရာရောက်နိုင်တဲ့အတွက် ဆိုပြီးအစ္စရေးအတွက် လက်နက်တင်ပို့မှုတချို့ ရပ်နားလိုက်ပါတယ်။ တချို့လက်နက်တွေဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေကို ကြီးလေးစွာ ချိုးဖောက်ရာရောက်နိုင်ခြေရှိနေတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy ကတနင်္လာနေ့မှာ ပြောပါတယ်။ အစ္စရေးကို တင်ပို့နေတဲ့ လက်နက်လိုင်စင် ၃၅၀ ထဲက ၃၀ ကိုရပ်လိုက်တာဟာလက်နက်တင်ပို့မှု ပိတ်ပင်တာမဟုတ်ဘူးလို့လည်း ဝန်ကြီး Lammy က လွှတ်တော်အမတ်တွေကိုပြောပါတယ်။ ဂါဇာစစ်ပွဲအဆုံးသတ်အောင် အစ္စရေးကိုလက်နက်တင်ပို့မှုရပ်ဆိုင်းပေးဖို့ ဖိအားပေးခံရတဲ့ မဟာမိတ်နိုင်ငံတွေထဲမှာ ဗြိတိန်နိုင်ငံလည်း တခုအပါအဝင်ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အစ္စရေးရဲ့ အကြီးဆုံးအလုပ်သမားသမဂ္ဂ ဂါဇာအပစ်ရပ်ရေး ဆန္ဒပြ