သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓါးစာခံ ၄ ဦး ပြန်ရဖို့ အစ္စရေးတိုက်ခိုက်မှု ပါလက်စတိုင်း ရာနဲ့ချီသေဆုံး


အစ္စရေးစစ်တပ်က ဂါဇာကို လေကြောင်းက တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ ပါလက်စတိုင်းဒေသခံတွေအတွက် သောက ရောက်နေသူများ။
အစ္စရေးစစ်တပ်က ဂါဇာကို လေကြောင်းက တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ ပါလက်စတိုင်းဒေသခံတွေအတွက် သောက ရောက်နေသူများ။

ဂါဇာမှာ ဟားမတ်စ်က ဖမ်းထားတဲ့ ဓားစာခံ ၄ ဦးကို အစ္စရေးတပ်ဖွဲ့ဝင်တွေက ကယ်ဆယ်နိုင်ခဲ့အပြီးမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု Benjamin Netanyahu က “အစ္စရေးအနေနဲ့ အကြမ်းဖက်မှုတွေကို ကြောက်ရွံ့နေမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း Nuseirat က ဓားစာခံ ကယ်တင်တဲ့ စစ်ဆင်ရေးအနီး အစ္စရေး လေကြောင်း တိုက်ခိုက်မှုတွေကြောင့်လည်း အနည်းဆုံး ပါလက်စတိုင်း ၂၁၀ ယောက်သေဆုံးပြီး ၄၀၀ လောက် ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါဟာ ဂါဇာ စစ်ပွဲစကတည်းက သေဆုံးမှုအများဆုံး တိုက်ခိုက်မှုတွေထဲက တခုဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အစ္စရေး ခေါင်းဆောင် နေတန်ယာဟုကတော့ ဓားစာခံ ၄ ဦး ကယ်တင်နိုင်ခဲ့တာအပေါ် “အစ္စရေးက အကြမ်းဖက်ဝါဒအောက် ဘယ်တော့မှ လက်နက်မချဘူး” လို့ ကြုံးဝါးပါတယ်။ “ရည်မှန်းချက်တွေ မပြည့်မချင်း၊ အသက်သေဆုံးသွားသူတွေ အပါအဝင် ဓားစာခံအားလုံး အိမ်ပြန်မရောက်မချင်း ရပ်တန့်မှာမဟုတ်ဘူးလို့” ဓားစာခံ ကယ်တင်ရေး စစ်ဆင်ရေးအပြီး ကွပ်ကဲရေးအခန်းထဲကနေ သူက ပြောတာပါ။

ဟားမတ်စ်ခေါင်းဆောင် Ismail Haniyeh ဘက်ကတော့ ဟားမတ်စ်အနေနဲ့ “လက်နက်ချမှာ မဟုတ်ကြောင်းနဲ့ ခုခံတော်လှန်သူတွေဟာ ရာဇ၀တ်သား ရန်သူကို ရင်ဆိုင်ပြီး ဆက်လက် ခုခံကာကွယ်သွားမယ်” လို့ ပြန်လည်တုံ့ပြန်ပါတယ်။ ဟားမတ်စ်အရာရှိတဦးရဲ့ ရိုက်တာသတင်းဌာနကို ဖြေကြားချက်မှာတော့ အစ္စရေးဟာ ဂါဇာစစ်ပွဲ ၈ လ အတွင်းမှာ ဒီ ဓားစာခံ ၄ ဦးကိုပဲ ကယ်တင်ထားနိုင်ခဲ့ပြီး ဒါဟာ အစ္စရေးအတွက် "အောင်မြင်မှုတခုမဟုတ်ဘဲ ကျရှုံးတဲ့ လက္ခဏာ" လို့ ပြောပါတယ်။ ဟားမတ်စ်က ဓားစာခံအရေအတွက် အများစုကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပြီး ဓားစာခံအရေအတွက် ပိုပြီးတော့ တိုးလာနိုင်တယ်လို့ ဆိုပါတယ်။


မနှစ် အောက်တိုဘာ ၇ ရက် တုန်းက အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်က ဝင်တိုက်အပြီးနောက် ဖမ်းသွားတဲ့ ဓားစာခံတွေထဲက ၄ ဦးကို အပြင်းအထန် ပစ်ခတ်မှုတွေအောက် ရှုပ်ထွေးလှတဲ့ ဂါဇာမြို့ပြ စစ်ပွဲအတွင်း စိန်ခေါ်မှုတွေ ကြားထဲကနေ ကယ်တင်နိုင်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂါလန့် (Yoav Gallant) က စနေနေ့မှာ ကြေညာခဲ့တာပါ။ ဒါက သူ့ရဲ့ စစ်မှုထမ်းသက် ၄၇ နှစ်အတွင်း မျက်မြင်တွေ့ခဲ့ရတဲ့ စစ်ဆင်ရေးတွေ အတွင်းမှာ “သူရဲကောင်းဆန်ပြီး အလွန့်ကို ထူးခြားတဲ့ စစ်ဆင်ရေး" ဖြစ်တယ်လို့လည်း သူက ညွှန်းဆိုပါတယ်။

ဒီလို အစ္စရေးဓားစာခံ ၄ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တာအပေါ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ချီးကျူးခဲ့ပါတယ်၊ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်း (Emmanuel Macron)နဲ့ ပါရီမြို့တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒန်က ဓားစာခံတွေကို ကယ်တင်နိုင်ခဲ့တာကို ကြိုဆိုကြောင်းနဲ့ “ဓားစာခံအားလုံး အိမ်ပြန်နိုင်ပြီး အပစ်အခတ်ရပ်စဲရေး မပြီးမချင်း ကျွန်တော်တို့ အလုပ်တွေ ရပ်တန့်သွားမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

အမေရိကန်သမ္မတ အိမ်ဖြူတော်ရဲ့ စနေနေ့က ကြေညာချက်ထဲမှာလည်း အမေရိကန် နိုင်ငံသားတွေ အပါအဝင် ကျန်ရှိသေးတဲ့ ဓားစာခံတွေ လွတ်မြောက်ရေး ကြိုးပမ်းမှုအားလုံးကို ထောက်ခံကြောင်း ဖော်ပြခဲ့ပါတယ်။ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလဗန် (Jake Sullivan)က လက်ရှိ အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းနေတာကလည်း အရေးပါကြောင်း အလေးပေး ပြောထားပါတယ်။

ဂါဇာ ပဋိပက္ခကြား အစ္စရေး Sderot မြို့ခံများ
please wait

No media source currently available

0:00 0:03:14 0:00


ဓားစာခံ ကယ်တင်ရေး စစ်ဆင်ရေးအတွင်း မြို့ခံတွေ သေဆုံးရတာနဲ့ပတ်သက်ပြီး ရိုက်တာသတင်းရဲ့ ဖော်ပြချက် တခုမှာတော့ မြို့ခံတဦးဖြစ်သူ Ziad ကို ကိုးကားပြီး “လူ ၄ ဦးကို လွတ်မြောက်အောင် အစ္စရေးက ဒါဇင်နဲ့ချီတဲ့ အပြစ်မဲ့ အရပ်သားတွေကို သတ်ခဲ့တယ်” လို့ ဖော်ပြထားပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုက Nuseirat ဒေသတွင်း ဈေးတခုနဲ့ Al-Awda ဗလီကို ပစ်မှတ်ထားခဲ့ကြောင်း ကျန်းမာရေး ဝန်ထမ်း ဆေးမှူးလည်းဖြစ်သူ အသက် ၄၅ နှစ်အရွယ် Ziad အမည်နဲ့ အဲဒီ မြို့ခံက စာတိုပေးပို့တဲ့ အက်ပ်ကတဆင့် ဖြေကြားထားတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။

"ဒါဟာ ထိတ်လန့်စရာ ရုပ်ရှင်တခုလိုပါပဲ၊ ဒါက တကယ့်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတခုပါပဲ။ အစ္စရေး အဝေးထိန်း ဒရုန်းတွေနဲ့ စစ်လေယာဉ်တွေက လူနေအိမ်တွေကို တညလုံး ကြုံသလို ပစ်ခတ်ခဲ့တာပါ" လို့ Ziad က ပြောပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာလည်း ပစ်ခတ်တိုက်ခိုက်မှု ရုပ်သံတွေ တက်နေပေမယ့် သီးခြား အတည်ပြုနိုင်တာမျိုးတော့ မရှိသေးပါဘူး။


အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒယ်နီရယ်ဟာဂါရီ (Daniel Hagari)က လူနေရပ်ကွက်တခုထဲမှာ ဓားစာခံ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ရကြောင်း အတည်ပြုပြီး ဟားမတ်စ်တွေက ဓားစာခံတွေကို ဂါဇာက အရပ်သားတွေကြားမှာ ဖမ်းဆီးထိန်းသိမ်းထားတာလို့ တုံ့ပြန်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့သလို အစ္စရေးတပ်ဖွဲ့ဝင်တွေက စစ်ဆင်ရေးအတွင်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဟာဂါရီက ပြောကြားခဲ့ပါတယ်။ စစ်ဆင်ရေးအတွင်း အစ္စရေး အထူးတပ်ဖွဲ့က စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကယ်တင်လွတ်မြောက်လာတဲ့ ဓားစာခံတွေကတော့ Noa Argamani (အသက် ၂၅ နှစ်)၊ Almog Meir Jan (အသက် ၂၁ နှစ်)၊ Andrey Kozlov (အသက် ၂၇ နှစ်) နဲ့ Shlomi Ziv အသက် (၄၀)တို့ ဖြစ်ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။ သူတို့ကို ဆေးစစ်ဖို့ ဆေးရုံတင်ထားကြောင်းနဲ့ လက်ရှိမှာ ကျန်းမာရေး ကောင်းမွန်နေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG