ဟက်ဇ်ဘိုလာပစ်မှတ်တွေကို အစ္စရေးတိုက်ခိုက်

ဂိုလန်ကုန်းမြင့်ဒေသ Druze အရပ်မှာ လက်ဘနွန်ဘက်က ဟက်ဇ်ဘိုလာတွေပစ်တဲ့ ဒုံးကျည် ဘောလုံးကွင်းထဲကျပြီး သေဆုံးသွားတဲ့ ဆယ်ကျော်သက်အရွယ်တွေနဲ့ ကလေးငယ် စုစုပေါင်း ၁၂ ယောက်ရဲ့ဈာပန။ (ဇူလိုင် ၂၈၊ ၂၀၂၄)

ဂိုလန်ကုန်းမြင့်မှာရှိတဲ့ ဘောလုံးကွင်းတခုကို လက်ဘနွန်ဘက်ကပစ်တဲ့ ဒုံးကျည်ထိမှန်ပြီး လူ ၁၂ ဦး သေဆုံးသွားတဲ့နောက် ချက်ခြင်းဆိုသလိုပဲ ဟက်ဇ်ဘိုလာပစ်မှတ်တွေကို အစ္စရေးဘက်က တနင်္ဂနွေနေ့မှာ ပစ်ခတ်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခကြီး ကျယ်ပြန့်မလာအောင် အနောက်နိုင်ငံသံတမန်တွေ ကြိုးပမ်းဆောင်ရွက်နေတဲ့ ကြားမှာပဲ အခုလို ပစ်ခတ်မှုတွေဖြစ်လာတာပါ။ ဟက်ဇ်ဘိုလာတို့ရဲ့ လက်နက်တိုက်နေရာတွေနဲ့ အခြေခံအဆောက်အဦး တွေကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အစ္စရေးတို့ရဲ့ ဂိုလန်ကုန်းမြင့်ကို လက်ဘနွန်ဘက် ကနေ စနေနေ့က ဒုံးကျည်နဲ့တိုက်ခိုက်ခံရပြီးတဲ့နောက် အမေရိကန်မှာရောက်နေတဲ့ အစ္စရေးဝန်ကြီးချုပ်ဟာ ခရီးစဉ်ကို မြန်မြန်အဆုံးသတ်၊ အစ္စရေးကိုပြန်လာပြီး ဝန်ကြီးအစည်းအဝေးတွေ ခေါ်ယူခဲ့ပါတယ်။

ဂိုလန်ကုန်းမြင့်တိုက်ခိုက်ခံရမှုမှာ အသက်ဆုံးရှုံးခဲ့သူတွေအတွက် အီရန်ကိုယ်စားလှယ် ဟက်ဇ်ဘိုလာတို့အနေနဲ့ ပြန် ပေးဆပ်ရမယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက တနင်္ဂနွေနေ့က လူမှုမီဒီယာကွန်ယက်မှာရေးသားခဲ့သလို ဟက်ဇ်ဘိုလာ တို့အနေနဲ့ ကြေးကြီးကြီးနဲ့ ပြန်ပေးဆပ်ရမယ်လို့ အစ္စရေးဝန်ကြီးချုပ်ကလည်း ဒီမတိုင်ခင် သတိပေးပြောဆိုခဲ့ပါတယ်။

ဒီတိုက်ခိုက်ခံရမှုမှာ အသက်ဆုံးရှုံးရသူတွေအတွက် အလွန်အမင်းဝမ်းနည်းပြီး ဒါဟာ ဟက်ဇ်ဘိုလာတို့ပစ်ခတ်တဲ့ ဒုံးကျည်ဆိုတာထင်ရှားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ကလည်း ပြောခဲ့ပါတယ်။ နောက်ထပ် အခြေအနေတင်းမာမှုတွေမတိုးလာအောင် သက်ဆိုင်သူအားလုံး ထိန်းထန်းသိမ်းသိမ်း ကိုင်တွယ်ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonioa Guterres ကလည်း တိုက်တွန်းခဲ့ပါတယ်

အီရန်နိုင်ငံခြားရေးဌာနထုတ်ပြန်ချက်မှာတော့ အစ္စရေးဘက်က တိုက်ခိုက်လာရင် အကျိုးဆက်တွေကို မခန့်မှန်းနိုင်အောင် ရင်ဆိုင်ရမယ်လို့ အစ္စရေးကို သတိပေးခြိမ်းခြောက်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ဟက်ဇ်ဘိုလာပစ်မှတ်တွေကို အစ္စရေးတိုက်ခိုက်