သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး Tel Aviv မြို့ကို ဟူသီသူပုန်တွေ ဒရုန်းနဲ့ တိုက်ခိုက်


အစ္စရေးနိုင်ငံ Tel Aviv မြို့တော်မှာ ဖောက်ခွဲရေးဒရုံးနဲ့တိုက်ခိုက်ခံရပြီး ရဲအရာရှိများက လာရောက်စစ်ဆေးနေစဉ် (ဇူလိုင် ၁၉၊ ၂၀၂၄)
အစ္စရေးနိုင်ငံ Tel Aviv မြို့တော်မှာ ဖောက်ခွဲရေးဒရုံးနဲ့တိုက်ခိုက်ခံရပြီး ရဲအရာရှိများက လာရောက်စစ်ဆေးနေစဉ် (ဇူလိုင် ၁၉၊ ၂၀၂၄)

အစ္စရေးနိုင်ငံ Tel Aviv မြို့လယ်ကို ဒီကနေ့သောကြာနေ့ မနက်ပိုင်းက အီရန်နိုင်ငံလုပ် ဒရုန်းနဲ့ ပစ်ခတ် တိုက်ခိုက်တာခံရလို့ လူတဦး သေဆုံးပြီး လေးဦးဒဏ်ရာ အနည်းငယ်ရခဲ့တယ်လို့ အစ္စရေးစစ်တပ်နဲ့ အရေးပေါ် ဌာနတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှု သတိပေးချက် ထွက်ပေါ်တာမျိုး မရှိခဲ့တဲ့ ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာလို့ ယီမင်နိုင်ငံ ကျောထောက် နောက်ခံပေးထားတဲ့ ဟူသီ လက်နက်ကိုင်အဖွဲ့က ပြောဆိုထားပါတယ်။

အီရန် ကျောထောက် နောက်ခံပေးထားတဲ့ လက်ဘနွန် တောင်ပိုင်းအခြေစိုက် ဟက်ဇ်ဘိုလာ စစ်သွေးကြွ အကြီးတန်း တပ်မှူးတဦးကို ချေမှုန်းခဲ့တယ်လို့ အစ္စရေးစစ်တပ်က အတည်ပြု ပြောဆိုပြီး နာရီပိုင်းအတွင်းမှာ အခု တိုက်ခိုက်မှု ဖြစ်တာပါ။ အမေရိကန်သံရုံး ရုံးခွဲတခုအနီး ဖြစ်ခဲ့တဲ့ ဒီပေါက်ကွဲမှုကို သူတို့ သိရှိကြောင်းနဲ့ သံရုံးအဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိသလို၊ အမေရိကန်ရော၊ ဌာနေဝန်ထမ်းတွေထဲမှာရော တဦးတယောက်မှာ ဒဏ်ရာရတာမျိုး မရှိကြောင်း အမေရိကန်သံရုံး ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရှေ့သီတင်းပတ်ထဲ အမေရိကန်ပြည်ထောင်စုကို သွားရောက်မယ့် ခရီးစဉ်မတိုင်ခင် ခုလို တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။

ဟူသီနဲ့ တခြား အီရန် လက်ဝေခံ လက်နက်ကိုင် အဖွဲ့တွေက ဟာမတ်စ် စစ်သွေးကြွအဖွဲ့ ဘက်က ပိုမို ရပ်တည်ပါဝင်လာနေပြီး ခုလို တိုက်ခိုက်တာကြောင့် ဂါဇာမှာ စစ်ပွဲတွေ ပိုမို ဆိုးရွား ကျယ်ပြန့်လာမယ့်အရေး စိုးရိမ်မှုတွေလည်း တိုးလာပါတယ်။ အစ္စရေး စစ်တပ်ကတော့ အစ္စရေးရဲ့ လေပိုင်နက်ကို ကာကွယ်ဖို့ လေကြောင်း ကင်းလှည့်မှုတွေနဲ့ လုံခြုံရေး တိုးမြှင့်သွားမယ့်အကြောင်း ပြောပါတယ်။ ဒရုန်း တိုက်ခိုက်မှု သတိပေးချက် မထွက်ခဲ့တာကိုလည်း စုံးစမ်းစစ်ဆေးနေကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG