အစ္စရေးစစ်ပွဲ နောက်ဆုတ်မှာ မဟုတ်လို့ အီရန်ပြော

အီရန် ဘာသာရေးခေါင်းဆောင်ကြီး Ayatollah Ali Khamenei

အစ္စရေးနဲ့တိုက်ပွဲမှာ အီရန်က နောက်ဆုတ်မှာ မဟုတ်ဘူးလို့ အီရန်က ပြောကြားလိုက်ပါတယ်။ အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာဟာလည်း ကျိုးကြောင်းဆီလျော်ပြီး တရားဝင်တယ်လို့ အီရန်နိုင်ငံမှာ သြဇာအကြီးမားဆုံး ဘာသာရေးခေါင်းဆောင်ကြီး Ayatollah Ali Khamenei က ဒီကနေ့ ပြောဆိုလိုက်တာဖြစ်ပါတယ်။

“အစ္စရေးကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် အီရန်စစ်တပ်က အနိမ့်ဆုံးအဆင့် ဒဏ်ခတ် တိုက်ခိုက်တာ ဖြစ်တယ်”လို့ အီရန်ရဲ့ နိုင်ငံ့ဦးသျှောင်လည်းဖြစ် ဘာသာရေးခေါင်းဆောင်ကြီးလည်းဖြစ်တဲ့ အရာတိုလာ Ali Khamenei က ပြောသွားတာပါ။

တဟီရန်မြို့တော်မှာ ဒီနေ့ လုပ်တဲ့ သောကြာနေ့ဝတ်ပြုပွဲကို ရှားရှားပါးပါး ဘာသာရေးခေါင်းဆောင်ကြီးက ဦးဆောင်လုပ်ခဲ့တာဖြစ်ပါတယ်။ အစ္စရေးနဲ့ စစ်ပွဲမှာ အီရန်က နောက်ဆုတ်မှာ မဟုတ်ကြောင်းနဲ့ ဒေသတွင်းမှာရှိတဲ့ အီရန်ရဲ့ မဟာမိတ်တွေအနေနဲ့ အစ္စရေးကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ တရားပွဲမှာ သူကပြောသွားပါတယ်။

အစ္စရေးကို ရင်ဆိုင် တုံ့ပြန်ရာမှာ အချိန်ဆိုင်းနေမှာ မလိုသလို အလျင်စလို တုံ့ပြန်တာမျိုးလည်း လုပ်သွားမှာ မဟုတ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။ အီရန်ပံ့ပိုးထားတဲ့ လက်ဘနွန်က Hezbollah စစ်သွေးကြွအဖွဲ့အပေါ် အစ္စရေးက လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်ခဲ့လို့ ဟက်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် Hassan Nasrallah သေဆုံးခဲ့ပြီးနောက် အီရန်က အစ္စရေးကို မစ်ဇိုင်းဒုံးရာချီနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဒီနေ့ တဟီရန်က Grand Mosalla ဗလီကြီးမှာ Ayatollah Ali Khamenei ဦးဆောင်တဲ့ ဝတ်ပြုပွဲ မစခင် အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ ဟက်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် Hassan Nasrallah အတွက်လည်း ဆုတောင်းပေးခဲ့ကြပါတယ်။

ပွဲကိုလာကြတဲ့ သောင်းနဲ့ချီတဲ့အီရန်တွေဟာ ပါလက်စတိုင်း၊ ဟက်ဇ်ဘိုလာ နဲ့ လက်ဘနွန်အလံတွေ ဝှေ့ယမ်းပြီး ထောက်ခံမှု ပြခဲ့ကြပါတယ်။ ဒေသတွင်း တင်းမာမှုတွေ တိုးလာနေချိန်မှာ အစ္စရေးကို လက်တုံ့ပြန်မယ်လို့ အီရန်က ပြောထားသလို၊ အစ္စရေးကလည်း အီရန်ဘက်က ပစ်ခတ် တိုက်ခိုက်မှုတွေကို ပြန် တုံ့ပြန်သွားမယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

အစ္စရေးစစ်ပွဲ နောက်ဆုတ်မှာ မဟုတ်လို့ အီရန်ပြော