အစ္စရေး ရဲ့ ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဂါဇာကမ်းမြှောင်မှာ အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောပါတယ်။ တနင်္လာနေ့ နှောင်းပိုင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု တခု အတွင်းမှာ Beit Lahiya က နေရပ်စွန့်ခွာ ထွက်ပြေးသူ မိသားစုတွေ ခိုလှုံရာ အိမ်တလုံးကို ထိမှန်တာကြောင့် အနည်းဆုံး လူ ၂၀ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဂါဇာစီးတီး၊ Zuweida နဲ့ Deir al-Balah တို့မှာလည်း တိုက်ခိုက်ခံရပါတယ်။ အစ္စရေးစစ်တပ်ကတော့ ပြီးခဲ့တဲ့ ရက် အတွင်း ဂါဇာ အလယ်ပိုင်းနဲ့ တောင်ပိုင်းက စစ်သွေးကြွတွေရဲ့ အခြေခံအဆောက်အဦ နေရာတွေနဲ့ စစ်သွေးကြွတွေကို ချေမှုန်းခဲ့ကြောင်း အင်္ဂါနေ့မှာ ပြောပါတယ်။ အစ္စရေးလ်နဲ့ ဟက်ဇ်ဘိုလာကြား ၁၃ လကြာ ပဋိပက္ခ အတွင်း လက်ဘနွန်မှာ သေဆုံးသူ အရေအတွက်က တနင်္လာနေ့မှာ ၃ ထောင်ကျော်ထိ ရောက်ရှိခဲ့ပါတယ်။
စက်တင်ဘာလလယ်ပိုင်း တင်းမာမှုတွေ တိုးလာမှု အတွင်းနဲ့ အစ္စရေးက လက်ဘနွန်တောင်ပိုင်းကို အောက်တိုဘာလ ၁ ရက်နေ့ ကျူးကျော် တိုက်ခိုက်မှု အတွင်း အများစု သေဆုံးကြရတာ ဖြစ်ပါတယ်။ ဒဏ်ရာရသူက ၁ သောင်း ၃ ထောင်ကျော် ရှိတယ်လို့လည်း လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။ လူ ၁ သန်းကျော်ကတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ သေဆုံးသူတွေထဲမှာ ဟက်ဇ်ဘိုလာ အဖွဲ့ဝင် အများအပြား ပါတယ်လို့ အစ္စရေးက ပြောပါတယ်။ အစ္စရေးမှာတာ့ ဟက်ဇ်ဘိုလာရဲ့ ဒုံးကျည်နဲ့ အဝေးထိန်း ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုတွေ အတွက် လူ ၇၂ ယောက် သေဆုံးခဲ့ရပြီး စစ်သား ၃၀ ဦး ပါဝင်ကြောင်း ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။