သိမ်းဆည်းလိုက်တဲ့ AP ပိုင် ကင်မရာတွေပြန်အပ်ဖို့ အစ္စရေးအမိန့်ထုတ်

အစ္စရေးနိုင်ငံ၊ Sderot ရပ်ကွက်က တိုက်ခန်းမှာ အစ္စရေးအရာရှိတယောက်က အေပီ ဗွီဒီယိုရိုက်ကူးရေးပစ္စည်းတွေကို သိမ်းဆည်းနေစဥ်။( မေ ၂၁၊ ၂၀၂၄)

အစ္စရေးအာဏာပိုင်တွေဟာ အေပီသတင်းဌာနက ဂါဇာအခြေအနေ တိုက်ရိုက်ထုတ်လွှင့်တာကို အင်္ဂါနေ့က ပိတ်လိုက်ပြီး သိမ်းခဲ့တဲ့ အေပီရဲ့ကင်မရာနဲ့ ထုတ်လွှင့်ရေးပစ္စည်းတွေကို ပြန်ပေးဖို့ အစ္စရေးဆက်သွယ်ရေးဝန်ကြီးက အမိန့်ပေးလိုက်ပါတယ်။

အဲဒီလို ပိတ်ပင်သိမ်းဆည်းလိုက်တာဟာ သတင်းလွတ်လပ်ခွင့်ကို ချိုးဖောက်တာဖြစ်ပြီး ရှုတ်ချကြောင်း သတင်းလွတ်လပ်ခွင့် အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂနဲ့ အမေရိကန်တို့က ပြောကြားပြီးနောက် ပစ္စည်းတွေကို ပြန်ပေးတာဖြစ်ပါတယ်။ အယ်ဂျာဇီးရား သတင်းဌာနနဲ့ဆက်စပ်ပြီး အေပီသတင်းဌာနက ဥပဒေချိုးဖောက်တယ်လို့ အစ္စရေးတာဝန်ရှိသူတွေက စွပ်စွဲခဲ့တာပါ။ အေပီက ဖြန့်တဲ့ တိုက်ရိုက်ထုတ်လွှင့်ချက်တွေကိုရယူတဲ့ သတင်းဌာနတွေက ထောင်ချီရှိနေပြီး အယ်လ်ဂျာဇီးရားသတင်းဌာနက တခုသာ ဖြစ်ပါတယ်လို့ အေပီသတင်းဌာနကတော့ ပြောပါတယ်။

အင်္ဂါနေ့ နေ့လည်မှာ အစ္စရေးဆက်သွယ်ရေးဝန်ကြီးဌာနက အေပီသတင်းဌာနရှိရာ Sderot မြို့ကိုရောက်လာပြီး ပစ္စည်းတွေကို သိမ်းသွားတာဖြစ်တယ်လို့ အေပီက ဆိုပါတယ်။ ဆက်သွယ်ရေး ဝန်ကြီး Shlomo Karhi လက်မှတ်ထိုးထားတဲ့ သိမ်းဆည်းမိန့် စာရွက်ကို အေပီကို ပေးအပ်ခဲ့ပါတယ်။ အေပီဟာ နိုင်ငံခြား သတင်းမီဒီယာ ဥပဒေအသစ်ကို ချိုးဖောက်တယ်လို့ အစ္စရေးက စွပ်စွဲထားပါတယ်။

ခုလို ပိတ်တာဟာ တိုက်ရိုက်ထုတ်လွှင့်ချက် အကြောင်းအရာအပေါ် အခြေခံတာမဟုတ်ဘဲ နိုင်ငံခြား သတင်းမီဒီယာ ဥပဒေအသစ်ကို အစ္စရေးအစိုးရက မတော်မတရား အသုံးပြုတာသာ ဖြစ်တယ်လို့ အေပီသတင်းဌာနရဲ့ ဒုတိယဥက္ကဋ္ဌ Lauren Easton က ဆိုပါတယ်။

Your browser doesn’t support HTML5

သိမ်းဆည်းလိုက်တဲ့ AP ပိုင် ကင်မရာတွေပြန်အပ်ဖို့ အစ္စရေးအမိန့်ထုတ်