အစ္စရေးရဲ့ ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာမှာရှိတဲ့ အထပ် ၅ ထပ်ပါ အဆောက်အဦးတခုကို ထိခိုက်ခဲ့ပြီး အနည်းဆုံး လူ ၆၀ သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးအရာရှိတွေက ပြောလိုက်ပါတယ်။ Beit Lahiya ဒေသမှာဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုကြောင့် လူ ၁၇ ဦး ပျောက်ဆုံးနေပြီး၊ အပျက်အစီးတွေအောက်မှာ ပိတ်မိသူတွေရှိနေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
အစ္စရေးကတော့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လတ်တလော တစုံတရာ ပြောဆိုတာမျိုး မရှိသေးပါဘူး။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကတော့ ပါလက်စတိုင်းဒုက္ခသည်တွေအတွက် ကုလသမဂ္ဂအကူအညီပေးရေးအေဂျင်စီ (UNRWA) အပေါ် တားမြစ်ထားတဲ့ ဥပဒေကို အစ္စရေးပါလီမန်က အတည်ပြုလိုက်တာနဲ့ ပတ်သက်ပြီး ဝေဖန်လိုက်ပါတယ်။ ရက်ပေါင်း ၉၀ အတွင်း အသက်ဝင်လာတော့မယ့် ဒီဥပဒေဟာ ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့လည်း ပြောပါတယ်။
ဒီဥပဒေတွေကို အကောင်အထည်ဖော်တာက အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြေရှင်းရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ထိခိုက်စေနိုင်ကြောင်းနဲ့ ပါလက်စတိုင်းဒုက္ခသည်တွေအတွက် UNRWA ဟာ မရှိမဖြစ်လိုအပ်တယ်လို့လည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။ အစ္စရေးကတော့ UNRWA ရဲ့ ဝန်ထမ်း ဒါဇင်ပေါင်းများစွာဟာ ဟားမတ်စ်အဖွဲ့ဝင်တွေဖြစ်ပြီး တချို့ကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက် အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။