မုန်တိုင်းအန္တရာယ်ကြောင့် ဂျပန်မှာ လူထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်း

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း အင်အားပြင်းတိုင်ဖုန်းမုန်တိုင်း Shanshan မဝင်ရောက်မီလှိုင်းကြီးနေစဉ် (ဩဂုတ် ၂၈၊ ၂၀၂၄)

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းကို အင်အားပြင်းတိုင်ဖုန်းမုန်တိုင်း Shanshan ဦးတည်တိုက်ခတ်ဖို့ရှိတာကြောင့် လူထောင်နဲ့ချီကို ဘေးလွတ်ရာပြောင်းရွှေ့ကြဖို့အမိန့်ထုတ်ထားပါတယ်။ တိုင်ဖွန်း Shanshan ဟာ ဒီကနေ့ ကျူရှူးကျွန်းတောင်ပိုင်း ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားတာပါ။

ဒီနှစ်အတွင်း အင်အားအပြင်းဆုံး ဒီတိုင်ဖုန်းမုန်တိုင်းကြောင့် မကြုံစဖူး မိုးသည်းထန်၊ လေပြင်း၊ လှိုင်းကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။ မုန်တိုင်းက ဂျပန် အနောက်တောင်ပိုင်းကနေ မြို့တော်တိုကျိုအပါအဝင် အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေကို သီတင်းပတ်ကုန်မှာ ဆက်ပြီး ဝင်ရောက်နိုင်ခြေရှိတယ်လို့လည်း ခန့်မှန်းရပြီး Kagoshima ဒေသခံ ၈ သိန်းကျော် ကိုလည်း ဘေးလွတ်ရာပြောင်းရွှေ့ကြဖို့ အာဏာပိုင်တွေက အမိန့်ပေးထားပါတယ်။

တနာရီကို လေတိုက်နှုန်းမိုင် ၁၅၀ ကျော်တိုက်ခတ်နိုင်တဲ့ မုန်တိုင်းကြောင့် ကျူရှူးကျွန်း တိုယိုတာ မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီစက်ရုံလုပ်ငန်း အားလုံးရပ်ဆိုင်းထားသလို လေယာဉ် ခရီးစဉ်တွေနဲ့ရထားပြေးဆွဲမှုတွေလည်း ရပ်ဆိုင်းထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲကပဲ ဂျပန်နိုင်ငံကို တိုင်ဖုန်းမုန်တိုင်း Ampil ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် နေရာတချို့မှာ လျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့သလို ဒေသခံတချို့ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ ရပါတယ်။

Your browser doesn’t support HTML5

မုန်တိုင်းအန္တရာယ်ကြောင့် ဂျပန်မှာ လူထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်း