သမ္မတဟောင်းဂျင်မီကာတာ ခွဲစိတ်မှုခံယူဖို့ ဆေးရုံတင်ရ

အမေရိကန်သမ္မတဟောင်း Jimmy Carter (ဧပြီ၊ ၁၃၊ ၂၀၀၈)

(Zawgyi/Unicode)

အမေရိကန်သမ္မတဟောင်း Jimmy Carter ဟာ သိပ်မကြာခင်တုန်းက ချော်လဲပြီး ဦးနှောက်သွေးယိုရာကနေ ဦးနှောက်ထဲ သွေးဖိအား လျော့လာအောင် ခွဲစိတ်ကုသမှုခံယူဖို့ တနင်္လာနေ့ ညနေပိုင်းက ဆေးရုံတင်လိုက်ရတဲ့အကြောင်း သူ့ရဲ့ ပြောခွင့်ရက ပြောပါတယ်။

ဒီကနေ့ အင်္ဂါနေ့ မနက်ပိုင်း Emory တက္ကသိုလ် ဆေးရုံမှာ ကုသမှုအဆင့်ဆင့်ခံယူမှာ ဖြစ်ကြောင်းလည်း ပြောခွင့်ရ ဒီယားနား ကွန်ဂျီလီယို Deanna Congileo က ပြောပါတယ်။

သမ္မတဟောင်း ကာတာ ဟာ ဒီနှစ်အတွင်းမှာပဲ သုံးကြိမ်ထက်မနည်း ချော်လဲခဲ့တာပါ။ ပြီးခဲ့တဲ့ နွေဦးပေါက် ပထမဆုံး ချော်လဲခဲ့ချိန်က ပေါင်ရိုးအစားထိုး ခွဲစိပ်ကုသ ခဲ့ရပါတယ်။

အဲ့ဒီနောက် အောက်တိုဘာလ ၆ ရက်နေ့က ချော်လဲရာမှာတော့ ၁၄ ချက် ချုပ်လိုက်ရပြီး အဲ့ဒီနောက်ပိုင်းမှာကိုပဲ သူဟာ Tennessee ပြည်နယ် Nashville မြို့ကို သွားခဲ့ပြီး သဘာဝဘေးကြောင့် ဒုက္ခရောက်ရသူတွေ အတွက် နေအိမ်တွေ ပြန်လည် ကူညီ တည်ဆောက်ပေးတဲ့ Habitat for Humanity ပရဟိတအဖွဲ့ လုပ်ငန်းတွေကို သွားရောက် လုပ်ကိုင်ခဲ့ သေးတာပါ။

အောက်တိုဘာလ ၂၁ ရက်နေ့တုန်းကလည်း တင်ပဆုံရိုး အက်သွားတဲ့အတွက် ဆေးရုံခန တက်ခဲ့ရပါသေးတယ်။ သမ္မတဟောင်း ကာတာ ဟာ ၂၀၁၅ ခုနှစ်မှာ ကင်ဆာရောဂါကို အပြင်းအထန် ခံစားခဲ့ရပြီး ပြန်လည် ကောင်းမွန်လာခဲ့သူ ဖြစ်ပါတယ်။

သမ္မတ တာဝန်တွေကနေ အနားယူပြီးတဲ့နောက် ဆယ်စုနှစ် လေးစု နီးပါးကြာလာတဲ့အထိ၊ အသက် ၉၅ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်း ကာတာဟာ ကျန်းမာရေးအရ သိပ်မကောင်းတဲ့ကြားကပဲ သူ့မွေးရပ်ဇာတိ ဂျော်ဂျီယာပြည်နယ် အနောက်တောင်ပိုင်း Plains မြို့လေးက Maranatha Baptist ဘုရားကျောင်း၊ တနင်္ဂနွေ ကျမ်းစာသင်တန်းမှာ တလ ၂ ကြိမ်လောက် စာသင်ပေးနေတာပါ။

သမ္မတဟောင်း ကာတာ ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အသက်အရှည်ဆုံး သမ္မတလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

သမ္မတဟောင်းဂျင်မီကာတာ ခွဲစိတ်မှုခံယူဖို့ ဆေးရုံတင်ရ

[Unicode Version]







